BBC navigation

မစ္စတာ ဘရာဟီမီကို ဆီးရီးယား ဆိုင်ရာ အထူးသံခန့်

နောက်ဆုံး ရေးသားချိန် 18 သြဂုတ်လ 2012 - 00:44 GMT

အထူးသံ အသစ် မစ္စတာ ဘဟီရီ

ကုလသမဂ္ဂနဲ့ အာရပ် အဖွဲ့ချုပ် တို့ရဲ့ ဆီးရီးယား နိုင်ငံ ဆိုင်ရာ အထူး သံတမန် အဖြစ် အယ်ဂျီးရီးယား သံအမှုထမ်းဟောင်း Lakhdar Brahimi ကို ရွေးချယ် ခန့်အပ် လိုက်ကြောင်း ကုလသမဂ္ဂက ကြေညာခဲ့ပါတယ်။

ဆီးရီးယား အရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့က ကုလသမဂ္ဂ အတွက် ထိပ်တန်း ဉီးစားပေး ဖြစ်ပါတယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အလုပ်ခန့်လွှာ ပေးအပ်ပွဲမှာ ပြောကြားလိုက်ပါတယ်။

ဆီးရီးယား အရေးမှာ အစိုးရကော အတိုက်အခံဖက်ကပါ သူ့ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို အပြင်းအထန် လျစ်လျူရှုခဲ့ ကြတာကြောင့် အခုလ အစောပိုင်းတုန်းက ရာထူးက နှုတ်ထွက်သွားခဲ့တဲ့ ကိုဖီအာနန် ရဲ့တာဝန်ကို အယ်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စတာ ဘရာဟီမီဟာ လွှဲပြောင်း ရယူခဲ့တာ ဖြစ်ပါတယ်။

ဒီတာဝန်ကို ကျိုးနွံစွာ လက်ခံယူပါမယ် ၊ ရှေ့ရင်ဆိုင်ရမယ့် အခက်အခဲတွေကိုလည်း သတိထားမိပါတယ်လို့ မစ္စတာ ဘရာဟီမီက ဘီဘီစီကို ပြောပါတယ်။

တခါ ဆီးရီးယား သမ္မတ Bashar Assad ဟာ အသက်ရှင် မနေသင့်တော့ဘူးလို့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး Laurent Fabius က ပြောပါတယ်။

တူရကီက ဆီးရီးယား ဒုက္ခသည် စခန်းကို ရောက်ခိုက် မစ္စတာ ဖာဘီးယက်စ် က ပြောကြားရာမှာ ဆီးရီးယား အစိုးရကို ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာ ဆီးရီးယား နိုင်ငံမှာတော့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရ မီဒီယာက ပထမဆုံး အကြိမ် အနေနဲ့ အသိအမှတ်ပြု ပြောခဲ့ပြီး တိုက်ခိုက်မှုတွေဟာ အလက်ပို မြို့က လေတပ်စခန်းနားမှာ ရှိတဲ့ လေဆိပ်နားထိ ရောက်နေပြီလို့ ဆိုပါတယ်။

ဒမားစကတ်မြို့နားက ကွာတာနာ အရပ်နားမှာ အလောင်း ခြောက်ဆယ်ကျော် တွေ့ရတယ်လို့ အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေ ကလည်း သတင်းပေးပို့ ထားပါတယ်။

အခင်းဖြစ်တဲ့ နေရာမှာ ရိုက်ထားတာလို့ ယူဆရတဲ့ ဗီဒီယို ပြကွက်တွေ အရ ရုပ်အလောင်း မီးရှို့ ထားတာတွေ တွေ့ရပေမယ့် ဒါတွေနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ သီးခြား အတည်ပြုမှုတွေ မရှိခဲ့ပါဘူး။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။