BBC navigation

အီသီယိုးပီးယား ဝန်ကြီးချုပ် မဲလက်စ် ဇနာဝီ ကွယ်လွန်

နောက်ဆုံး ရေးသားချိန် 21 သြဂုတ်လ 2012 - 16:55 GMT
Meles Zenawi

ကွယ်လွန်သူ အီသီးယိုးပီးယား ဝန်ကြီးချုပ်

အသက် ၅၇ နှစ်အရွယ် အီသီယိုးပီးယား ဝန်ကြီးချုပ် မစ္စတာ မဲလက်စ် ဇနာဝီ ကွယ်လွန်သွားတဲ့အတွက် အီသီယိုးပီးယား နိုင်ငံတင်မက အာဖရိကဒေသတွင်းမှာပါ ဂယက်ရိုက်မှုတွေ ရှိလာနိုင်ပါတယ်။

မစ္စတာ မဲလက်စ်ဟာ အီသီယိုးပီးယား နိုင်ငံရဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာ မငြင်းနိုင်သလို လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်တွေမှာ ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့လည်း အတိုက်အခံ နိုင်ငံရေးသမားတွေ၊ သတင်းထောက်တွေရဲ့ ဝေဖန် ရှုံ့ချတာ ခံခဲ့ရတာပါ။

ဒါပေမယ့် ဒေသတွင်းမှာလည်း အဓိက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ သူပုန် တပ်ဖွဲ့တွင်းမှာ နှစ်ပေါင်းများစွာ လှုပ်ရှားခဲ့သူတဦး ဖြစ်တာနဲ့ အမျှ စည်းကမ်း တင်းကြပ်သူ၊ အလုပ်ကြိုးစားသူ ဖြစ်ပြီး ဘယ်တော့မှ မပြုံးသူ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်ဟောင်း Elizabeth Blunt က ပြောပါတယ်။

အီသီယိုးပီးယားနိုင်ငံထဲကနေ အရစ်ထရီးယား နိုင်ငံ ခွဲထွက်သွားခဲ့ပြီး နှစ်နိုင်ငံအကြား စစ်ပွဲ ဖြစ်ပွားခဲ့ပေမယ့်လည်း မကြာသေးခင် နှစ်တွေ အတွင်း အီသီယိုးပီးယား နိုင်ငံရဲ့ စီးပွားရေးဟာ တဟုန်ထိုး တိုးတက်လာခဲ့ပါတယ်။

မစ္စတာ မဲလက်စ်ရဲ့ အုပ်ချုပ်မှု အောက်မှာ အီသီယိုးပီးယားနိုင်ငံဟာ အမေရိကန်ရဲ့ အခိုင်အမာ မဟာမိတ် နိုင်ငံတခု ဖြစ်လာပြီး ပြီးခဲ့တဲ့ နှစ်တွေ အတွင်း အမေရိကန်နိုင်ငံဆီက ဒေါ်လာ သန်း ရာပေါင်းများစွာ အကူအညီ ရခဲ့ပါတယ်။

သူ ဝန်ကြီးချုပ် အာဏာ ရယူခဲ့အပြီးမှာ အစ္စလာမစ် လက်နက်ကိုင်တွေကို တိုက်ခိုက်ဖို့ အီသီယိုးပီးယား တပ်ဖွဲ့တွေကို ဆိုမားလီးယား နိုင်ငံဆီ စေလွှတ်ခဲ့တဲ့အတွက်လည်း အနောက်အုပ်စုနိုင်ငံတွေရဲ့ ချီးကျူး ဂုဏ်ပြုတာ ခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း အီသီယိုပီးယားနိုင်ငံတွင်းမှာ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး တွေ ကင်းမဲ့နေတာနဲ့ ပတ်သက်လို့တော့ စိုးရိမ်မကင်း ပြောဆိုမှုတွေ ကြီးထွားလာ နေတာပါ။

၂၀၀၅ခုနှစ် ရွေးကောက်ပွဲအပြီး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ အတွင်း အနည်းဆုံး လူ၂၀၀ သေဆုံးခဲ့ပြီး သတင်းထောက်တွေနဲ့ နိုင်ငံရေး သမားတွေ အများအပြား ထောင်သွင်း အကျဉ်းချခံခဲ့ကြရပါတယ်။

လူ့အခွင့်အရေး ဆိုင်ရာ ဝေဖန် ပြောဆိုသူတဦးကတော့ မစ္စတာ မဲလက်စ်ဟာ ဒီမိုကရေစီရေး၊ နိုင်ငံသား အခွင့်အရေးတွေအကြောင်း အမြဲလိုလို ပြောခဲ့ပေမယ့် လက်တွေ့မှာ အကောင်အထည်ဖေါ် လုပ်ဆောင်တာမျိုး မရှိဘူး၊ သူဟာ မိစ္ဆာဆိုး ဝင်စားသူဖြစ်တယ်လို့ ဝေဖန် ပြောဆိုခဲ့ပါတယ် ။

ဒါပေမယ့် အခု သူ ဆုံးပါးသွားခဲ့အပြီး အများ အာရုံစိုက်မှာကတော့ အီသီယိုးပီးယားနိုင်ငံမှာ သူထူထောင်ခဲ့တဲ့ စီးပွားရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေး စနစ် ဘယ်လောက် ကြာကြာ အခိုင်အမာ ရှိနေမလဲ ဆိုတာ ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။