BBC navigation

သြစတြေးလျက ဒုက္ခသည် ၄၅ ရာနှုန်း တိုးမြှင့် လက်ခံမယ်

နောက်ဆုံး ရေးသားချိန် 23 သြဂုတ်လ 2012 - 16:50 GMT
Australia Aslym

ပင်လယ်ကိုဖြတ်ပြီး သြစတြေးလျကို ခိုး ဝင်ဖို့ ကြိုးစား မှုတွေ လျော့ကျ စေချင်

ဩစတေးလျ နိုင်ငံက သူတို့ နိုင်ငံတွင်းမှာ ဒုက္ခသည် အရေအတွက်ကို တိုးပြီး ခိုလှုံခွင့် ပေးမယ်လို့ ဝန်ကြီးချုပ်က ကြေညာ ပါတယ်။

ဩစတေးလျ နိုင်ငံက ကျွမ်းကျင်သူ တွေနဲ့ ဖွဲ့စည်း ထားတဲ့ အဖွဲ့ရဲ့ အကြံပြုချက် အရ ဒုက္ခသည် အရေ အတွက်ကို လက်ရှိ ၁၃၇၅၀ ကနေ ၂၀၀၀၀ လောက် အထိ တိုးပြီး လက်ခံ သွားမယ်လို့ ဆိုပါတယ်။

ဒါဟာ နှစ်ပေါင်း ၃၀ လောက် အတွင်းမှာ ၄၅ ရာခိုင်နှူန်း အထိ တိုးပြီး လက်ခံတာ ဖြစ်တယ်လို့ ဩစတေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလာ့ဒ်က ပြော ပါတယ်။

မကြာသေးခင် ကလည်း နိုရူးနဲ့ ပီလန်ဂျီက ခိုလှုံခွင့် တောင်းခံ လာသူ တွေအတွက် ကမ်းလွန်က ကျွန်းတွေ ပေါ်မှာ ရှိတဲ့ စိစစ်ရေး စခန်းတွေကို ပြန်ဖွင့် ပေးဖို့ ဥပဒေပြု အမတ်တွေက အတည်ပြု ပေးလိုက်ကြ ပါတယ်။

ဒါတွေဟာ ဩစတေးလျ နိုင်ငံမှာ ခိုလှုံခွင့် ရနိုင်ဖို့ ကြိုးစားသူတွေ အနေနဲ့ အန္တရာယ် များလှတဲ့ ပင်လယ်ပြင်ကို လှေနဲ့ဖြတ်ပြီး လာနေ ကြတာတွေ လျော့ကျ သွားနိုင်ဖို့ ဖြစ်ပါတယ်။

ခိုလှုံခွင့် လိုချင်သူတွေကို တရားဝင် လမ်းကြောင်းတွေက နေသွားကြဖို့ ကို တွန်းအားပေး သလို ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဆိုလိုတာက လှေနဲ့ကူးပြီး လာကြလည်း ဘာမှ ပိုပြီး အခွင့်အရေးမရ နိုင်ဘူး လို့ သိအောင်လုပ်တဲ့ သဘောပါ။

အခုလို လူသားချင်း စာနာတဲ့ အနေနဲ့ ခိုလှုံဖို့ လာကြသူ တွေကို ပိုလက်ခံတာနဲ့ စိစစ်ရေး စခန်း တွေ ပြန်ဖွင့် ပေးကြတာ ကတော့ လွတ်လပ်တဲ့ အကြံပေး အဖွဲ့က ဒီလ အစောပိုင်းက တင်ပြခဲ့တဲ့ အကြံပြုချက် ၂ ၂ချက်ထဲက တစ်ခု ဖြစ်ပါတယ်။

ဩစတေးလျ နိုင်ငံကို ခိုလှုံဖို့ လာကြသူ တွေဟာ ဩစတေးလျ အနောက် မြောက်ဘက် ကမ်းရိုးတန်းက ခရစ္စမတ်စ် ကျွန်းဆီကို ဦးတည် ကြတာ များပါတယ်။ လူတွေ အပြည့် မတန်တဆ တင်ထားတဲ့ ခနော်နီ ခနော်နဲ့ လှေတွေနဲ့ ပင်လယ်ကူးပြီး အန္တရာယ်တွေကြားက လာကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ တုန်းကဆိုရင် လူ ၂၀၀ လောက် တင်လာတဲ့ လှေတစင်း ကျွန်းနား ရောက်ကာနီးမှ နစ်မြုပ် သွားခဲ့ ပါတယ်။ အဲဒီနစ်မြုပ်မှုက သတင်းတစ်ပတ် အတွင်း ဒုတိယ အကြိမ်မြောက် ဖြစ်ခဲ့တာကြောင့် ခိုလှုံခွင့်နဲ့ ပတ်သက်လို့ ပါလီမန် အတွင်းမှာပါ ပြန်လည် ဆွေးနွေး ကြရတဲ့ အထိ ဖြစ်သွား ပါတယ်။

နိုရူး စခန်း မှာ စက်တင်ဘာ လကုန်ပိုင်းက စပြီး လူ ၅၀၀ လောက်အထိ လက်ခံသွားမယ်၊ ပါပူဝါ နယူးဂီနီ စခန်းမှာ လိုအပ်မှုနဲ့ ပတ်သက်လို့ အခု သီတင်းပတ်မှာ ညှိုနှိုင်းမှုတွေ စပြီလို့ သြစတေးလျ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ခရစ္စ ဘိုဝင်က ပြောပါတယ်။

အခုကိစ္စအတွက် ဩစတေးလျ အစိုးရဟာ UNHCR နဲ့လည်း ညှိုနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဂျော်ဒန်၊ တူရကီ နဲ့ လက်ဘနွန်တို့ က ဒုက္ခသည် စခန်း တွေမှာ ရှိနေတဲ့ ဆီးရီးယား နဲ့ အီရတ် ဒုက္ခသည်တွေကို အခု ပိုမို လက်ခံမယ့် သူတွေ အထဲမှာ ထည့်သွင်းမယ်လို့ လည်း ခရစ္စဘိုဝင် က ပြောပါတယ်။

သီရိလင်္ကာ က ဒုက္ခသည်တွေ ကိုလည်း ဆက်ပြီး လက်ခံသွားမယ့် အပြင် မြန်မာ မလေးရှား၊ ထိုင်းနဲ့ အိန္ဒိယ နိုင်ငံ တို့က ဒုက္ခသည်တွေကိုလည်း ဆက် ပြီး လက်ခံသွားမယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။