BBC navigation

လကမ္ဘာပေါ် ပထမဆုံး ခြေချခဲ့သူ ကွယ်လွန်

နောက်ဆုံး ရေးသားချိန် 25 သြဂုတ်လ 2012 - 23:17 GMT
Neil Armstrong

အမ်းမ် စထရောင်းကို ကွန်ဂရက်စ် က ရွှေတံဆိပ် ချီးမြှင့်ခဲ့

လကမ္ဘာ ပေါ်မှာ ပထမဆုံး ခြေချဖူးတဲ့ အမေရိကန် အာကာသ ယာဉ်မှူး နီး လ် အမ်း စ ထရောင်း ဟာ စနေညနေမှာ ကွယ်လွန်သွားပါပြီ။

ကွယ်လွန် ချိန်မှာ သူဟာ အသက် ၈၂ နှစ် ရှိပါပြီ။ ဒီလ စောစော ပိုင်းတုန်းက သူဟာ နှလုံး သွေးကြောကို ခွဲစိပ် ကုသခဲ့ရပါတယ်။

ဒီခွဲစိတ် ကုသမှုရဲ့ နောက်ဆက်တွဲ ရောဂါနဲ့ ပဲ သူကွယ်လွန် သွားတာ ဖြစ်တယ်လို့ သူ့မိသားစုက ပြောကြောင်း အေပီ သတင်းဌာနမှာ ဖော်ပြထားပါတယ်။

သူဟာ ၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ လကမ္ဘာပေါ်ရောက်ခဲ့တာဖြစ်ပါတယ်။ သူလကမ္ဘာပေါ် ရောက်ခဲ့တာ နဲ့ ပတ်သက်ပြီး လူတယောက်ရဲ့ ခြေလှမ်းလေး တလှမ်းမျှသာ ဖြစ်သော်လည်း အဲဒီ ခြေလှမ်း ဟာ လူသားမျိုးနွယ်ကြီး တခုလုံးအတွက်တော့ ဧရာမခြေလှမ်းကြီးတလှမ်းလို့ ဆိုကြပါတယ်။

ဒါ့ကြောင့်လည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကပဲ အမ်းစထရောင်းနဲ့ တခြား အာကာသ ယာဉ်မှူး သုံးယောက်ကို အမေရိကန် ကွန်ဂရက်စ်က ကွန်ဂရက်စ် ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့ပါတယ်။ အဲဒီဆုတံဆိပ်ဟာ အဆင့်အမြင့်ဆုံး အမေရိကန် နိုင်ငံသား ဆုဖြစ်ပါတယ်။

အမ်းစထရောင်းဟာ လပေါ်ဆင်းသက်ခဲ့တဲ့ အပိုလို ၁၁ အာကာသ ယာဉ်ရဲ့ ယာဉ်မှူးလည်း ဖြစ်ပါတယ်။ သူနဲ့ သူ့ရဲ့ အဖော် အာကာသ သူရဲကောင်း အက်ဒွင် ဘပ်ဇ် အော်လဒရင် တို့ဟာ လပေါ်မှာ သုံးနာရီနီးပါး လမ်းလျှောက်ခဲ့ကြပါတယ်။

အမ်းစထရောင်းဟာ ပထမဆုံးအနေနဲ့ လေယာဉ်စီးဖူးတာက အသက် ၆ နှစ် အရွယ်မှာသူ့ဖခင်နဲ့ အတူ စီးဖူး တာဖြစ်ပါတယ်။ အဲဒီ့နောက် သူ့ဘဝ သက်တမ်းတလျောက်လုံးမှာ အကြိမ်များစွာ လေထဲမှာ ပျံသန်းခဲ့ပါတယ်။

၁၉၅၀ ခုနှစ် ကိုရီးယား စစ်ပွဲ အတွင်းမှာ သူဟာ တိုက်လေယာဉ် မောင်းခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာ အာကာသ စီမံကိန်းမှာ ပါဝင်ခဲ့ပါတယ်။

သူဟာ လကမ္ဘာပေါ်မှာ ပထမဆုံးခြေချသူဖြစ်ပေမဲ့ ဒါကို အကြောင်းပြုပြီး ထင်ပေါ်ကျော်ကြားအောင် မနေဘဲ သူ့ဘဝကို အေးအေးဆေးဆေး ပဲ နေထိုင်သွားသူတယောက်လည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။