BBC navigation

ဆီးရီးယားဆူပူမှုဟာ ပြည်ပ ကြံစည်မှုကြောင့်လို့ သမ္မတ ပြော

နောက်ဆုံး ရေးသားချိန် 27 သြဂုတ်လ 2012 - 01:18 GMT

သူပုန်တွေ ထိန်းချုပ်ထားရာ နေရာတွေကို အစိုးရက ဆက်လက် ထိုးစစ်ဆင်

ဆီးရီးယား သမ္မတ ဘရှား အယ်လ် အားဆာ့တ်က သူ့နိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ ဆူပူ အုံကြွမှုဟာ ပြည်ပက အကွက်ချ စီစဉ်မှု ဖြစ်တယ်လို့ ပြောပါတယ်။

ဒီအကွက်ချ ကြံစည်မှုကို ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် တန်ပြန် ချေမှုန်းသွားမယ်လို့ သူက အခိုင်အမာ ပြောသွားပါတယ်။

ဆီးရီးယားနိုင်ငံမှာ စနေနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း လူသေဆုံးမှုဟာ အစိုးရ ဆန့်ကျင်တဲ့ ဆူပူ အုံကြွမှုတွေ စဖြစ်ပြီးကတည်းက အသေအပျောက် အများဆုံး ဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ပြောခဲ့အပြီးမှာ မစ္စတာ အားဆာ့တ်က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

Damascus မြို့တော်ရဲ့ အပြင်ဘက် နားက Daraya မြို့ကို အစိုးရ တပ်ဖွဲ့တွေနဲ့ လက်နက်ကိုင် ပြည်သူ့စစ်တွေ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ လူသုံးရာကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ အတိုက်အခံ လှုပ်ရှားသူတွေက ပြောပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့ ဖြစ်တဲ့ Aleppo မြို့နဲ့ တောင်ပိုင်း Daraa မြို့တွေမှာလည်း သူပုန်တွေ ထိန်းချုပ်ထားရာနေရာတွေကို အစိုးရ တပ်တွေက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ ဆက်လုပ်ခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။