BBC navigation

ဆီးရီးယားမှာ လူသေအလောင်း အမြောက်အမြား တွေ့ရှိ

နောက်ဆုံး ရေးသားချိန် 26 သြဂုတ်လ 2012 - 15:23 GMT

အစိုးရရုပ်သံရဲ့ အဆိုအရတော့ အကြမ်းဖက် သမား တချို့ကို သုတ်သင်ခဲ့တာလို့ ဆိုပါတယ်

ဆီးရီးယားနိုင်ငံရဲ့ မြို့တော် ဒမတ်စကတ်နားက ဒါရေရာမြို့မှာ အလောင်းတွေ အမြောက်အမြား တွေ့ရတယ်လို့ အစိုးရကို ဆန့်ကျင်နေတဲ့ အတိုက်အခံတွေက ပြောကြားလိုက်ပြီး၊ ဒီအလောင်းတွေဟာ အစိုးရတပ်တွေက သတ်ဖြတ်ခဲ့တာလို့ စွပ်စွဲလိုက်ပါတယ်။

အတိုက်အခံတွေ အပြောအရ ဆိုရင်တော့ ဒါရေရာမြို့က သေဆုံးသွားသူ အများစုဟာ အကျဉ်းနည်းနဲ့ သတ်ဖြတ်ခံခဲ့ရ သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အတည်ပြုလို့ မရသေးတဲ့ သတင်းတပုဒ်အရဆိုရင် အလောင်း ၂၀၀ ကို အိမ်တွေနဲ့ မြေအောက်ခန်းတွေ ကနေ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အတိုက်အခံတွေရဲ့ အသံ ကို ထည့်သွင်း မတင်ပြဘဲ ထုတ်လွှင့်ခဲ့တဲ့ ဆီးရီးယား အစိုးရရုပ်သံရဲ့ အဆိုအရတော့ ဒါရေရာမြို့က အလောင်း တွေဟာ အကြမ်းဖက် သမားတချို့ကို သုတ်သင်ခဲ့တာလို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ အတိုက်အခံ ဘက်ကို ဘက်ပြောင်းသွား ပြီလို့ သတင်းတွေ ထွက်နေတဲ့ ဆီးရီးယား ဒုတိယ သမ္မတ ဖာရွတ် အယ်လ် ရှာရာ ကလည်း အီရန်ကနေ ရောက်လာတဲ့ ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ တာကြောင့် ကောလဟလတွေကို ရှင်းလင်းလိုက် သလိုတော့ ဖြစ်သွားခဲ့ပါတယ်။

ဒါရေရာမြို့မှာ ရက်ပေါင်းများစွာ အကြီးအကျယ် တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက်မှာ စနေနေ့ ကတော့ သမ္မတ အာဆတ်ရဲ့ တပ်ဖွဲ့ဝင်တွေက ဒီမြို့ကို စီးနင်း ဝင်ရောက်ခဲ့ ပြီ ဖြစ်ပါတယ်။

အိမ်နီချင်း လက်ဘနွန်နိုင်ငံ ဘေရွတ်ကနေ သတင်းပို့နေတဲ့ ဘီဘီစီ သတင်းထောက် ဘာဘရာ ပလက်ကတော့ ပြီးခဲ့တဲ့ တလလောက်က ဒါရေရာကနေ ဆုတ်ခွာခဲ့ရတဲ့ အစိုးရကိုဆန့်ကျင်နေတဲ့ သူပုန်တပ်တွေက အဲဒီမြို့မှာ ပြန်စုစည်းဖို့ လုပ်နေတုန်း အခုလို အစိုးရတပ်တွေက ပြန်သိမ်းဖို့ ကြိုးပမ်းတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အတိုက်အခံတွေဘက်ကတင်ထားတဲ့ အတည်မပြုနိုင်တဲ့ ဗီဒီယိုတခု မှာတော့ အဗူ အော်လီမန်း အယ်လ် ဒါရာနီ ဗလီအတွင်းမှာ အလောင်းတွေ အများကြီး တန်းစီ နေတာကို တွေ့ရ ပါတယ်။ အတိုက်အခံတွေ အဆိုအရ အလောင်းတွေရဲ့ ခေါင်းနဲ့ ရင်ဘတ်မှာ သေနတ် ဒဏ်ရာတွေကို တွေ့ရပြီး၊ အစိုးရ တပ်တွေက အိမ်ပေါက်စေ့ စီးနင်းတုန်းမှာ သတ်ဖြတ်ပစ်ခဲ့ တာလို့ ဆိုပါတယ်။

ယူကေ အခြေစိုက် အတိုက်အခံ အင်အားစုတခု ဖြစ်တဲ့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ အဆိုအရ စနေနေ့ တရက်ထဲမှာကို ဆီးရီးယား နိုင်ငံတဝန်း လူပေါင်း ၁၈၃ ယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ သူတို့ ပြောတာတွေ ကိုတော့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဆီးရီးယား နိုင်ငံမှာ ပြည်ပ မီဒီယာတွေကို သတင်း ယူခွင့် မပြုပါဘူး။

ဒါပေမဲ့လို့ ဆီးရီးယား နိုင်ငံတွင်းက အတိုက်အခံ အင်အားစုတွေ ကလည်း အခု ဒါရေရာမြို့မှာလို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေဟာ အခု နောက်ပိုင်းလတွေ အတွင်းမှာ ပိုပြီး များလာတယ်၊ အထူးသဖြင့် အစိုးရ တပ်တွေ မြို့တွင်း ဝင်လာပြီး အိမ်ပေါက်စေ့ စီးနင်းမှုတွေ လုပ်ပြီးနောက်မှာဆို အခုလိုပဲ အလောင်းတွေ အများကြီး တွေ့ရတတ်တယ်လို့ ပြောကြပါတယ်။

အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီး Human Rights Watch ကလည်း ဒီလိုမျိုး ဖြစ်တာတွေဟာ ပုံစံသစ် မဟုတ်တော့ဘူး၊ ဒါပေမဲ့ ဆီးရီးယားမှာ အခုလို ဖြစ်လာနေတာတွေက သတ်ဖြတ်မှု အရေအတွက် များလာတာနဲ့ နေရာတော်တော် များများမှာ ဖြစ်လာတာကို တွေ့ရတယ်လို့ ထုတ်ဖော် ပြောလာပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။