BBC navigation

အာဖဂန် အရပ်သားတွေအပေါ် တာလီဘန်တွေရဲ့ ရက်စက်မှု

နောက်ဆုံး ရေးသားချိန် 27 သြဂုတ်လ 2012 - 11:41 GMT

အာဖဂန်တောင်ပိုင်းက ဟဲမန်ပြည်နယ်

အာဖဂနစ္စတန် နိုင်ငံတောင်ပိုင်း ဟဲမန်ပြည်နယ် မှာ အမျိုးသမီး နှစ်ဦးအပါအဝင် လူ ၁၇ ဦးကို တာလီဘန်တွေက အစုလိုက် အပြုံလိုက် လည်လှီးသတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ အာဖဂန် အရာရှိတွေက ပြောပါတယ်။

ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ဒီသတင်းရရ ချင်း ရဲတပ်ဖွဲ့ကို အဒီကို စေလွှတ်လိုက်ကြောင်းနဲ့ ဘာတွေဖြစ်ခဲ့တယ် ဆိုတာကို အတိအကျ သိရဖို့ ရဲက စုံစမ်း စစ်ဆေးမှုတွေ အပြည့်အဝ လုပ်ဆောင် နေတယ် လို့ ပြောပါတယ်။

ဒါဟာ အရပ်သားတွေအပေါ် တာလီဘန်တွေရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှု တရပ် ဖြစ်တယ်လို့လည်း အာဖဂန်အရာရှိတွေက ပြောပါတယ်။ အသတ်ခံရသူတွေမှာ ရိုက်နှက်ခံထားရတဲ့ လက္ခဏာတွေ တွေ့ရသလို တချို့မှာ သေနတ်ဒဏ်ရာတွေ တွေ့ရတယ်လို့ ပြောပါတယ်။

အမျိုးသားတွေ စုရုံးပြီး ပါတီပွဲတခုကျင်းပကာ တေးဂီတနဲ့ အမျိုးသမီးတွေ ကပြဖျော်ဖြေတာကို ကြည့်ရှုနေကြစဉ် တာလီဘန်တွေက တိုက်ခိုက်ခဲ့တာလို့ ဒေသ အုပ်ချုပ်ရေးမှုးက ပြောပါတယ်။

ဒါပေမယ့် တခြားသူတွေရဲ့ အပြောအရ ကတော့ ပါတီ ကျင်းပနေတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ တာလီဘန်တွေဟာ အမျိုးသားနဲ့ အမျိုးသမီး လူမှုရေးအရ ရောယှက် နေထိုင်ကြ တာကို သဘောမတူကြပါဘူး။

တခြား အရာရှိ တဦးကတော့ တာလီဘန် တပ်မှူး ၂ ဦးရဲ့ အာဏာ ယှဉ်ပြိုင်မှုကြောင့် အခုလို ဖြစ်ခဲ့ရတာလို့ ယုံကြည်ကြောင်း ပြောပါတယ်။

အာဖဂန်နဲ့ နိုင်ငံတကာ တပ်ဖွဲ့တွေဟာ လောလောဆယ် အာဖဂန် တောင်ပိုင်း ဟဲမန်ပြည်နယ်မှာ ရှိတဲ့ တာလီဘန်တွေကို ပစ်မှတ်ထား တိုက်ခိုက် နေကြတာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။