BBC navigation

ဆီးရီးယားစစ်တပ် လေယာဉ်ပစ်ချခံရ

နောက်ဆုံး ရေးသားချိန် 27 သြဂုတ်လ 2012 - 16:18 GMT
Syria

သူပုန်တွေက အစိုးရ ရဟတ်ယာဉ်ကို ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။

အတိုက်အခံတွေဖြစ်တဲ့ ဆီးရီးယား လွတ်မြောက်ရေးတပ်က သူတို့ ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်ဟာ ဒမတ်စကပ်စ် မြို့တော်ရဲ့ အရှေ့မြောက်ပိုင်းက ဂျိုဘာရပ်ကွက် အပေါ်မှာ လူတွေကို ပစ်ခတ် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မျက်မြင်သက်သေတွေကတော့ အဲဒီ ရဟတ်ယာဉ်ကို အောက်ကနေ ပစ်ချလိုက်တာ ဖြစ်ပြီး ကွာဘန်ရပ်ကွက်ထဲက လမ်းငယ် တခုထဲ မီးလောင်ပြီး ထိုးကျသွား ခဲ့တယ်လို့ ပြောပါတယ်။ ဒေသတွင်းက အတိုက်အခံ အဖွဲ့ဝင် တဦးက ဒီရဟတ်ယာဉ်ဟာ တမနက်လုံး မြို့တော်ရဲ့ အရှေ့ခြမ်းမှာ ပျံဝဲရင်း တိုက်ခိုက်နေခဲ့ တာဖြစ်ပြီး သူပုန်တွေက တနာရီ နီးပါးလောက် ပစ်ချဖို့ ကြိုးစား နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အတိုက်အခံ တွေဘက်က အင်တာနက်ပေါ် တင်လာတဲ့ ဗီဒီယိုတွေမှာတော့ မီးလောင်နေတဲ့ ရဟတ်ယာဉ် ပျက်ကျသွားပုံတွေနဲ့ ကြွေးကျော်နေကြတဲ့ သူပုန် တပ်ဖွဲ့ဝင်တွေကို တွေ့ရပါတယ်။
ဒါပေမယ့် အစိုးရ ရုပ်မြင်ကတော့ ရဟတ်ယာဉ် ပျက်ကျခဲ့တာသာ ပြောသွားပြီး၊ ပစ်ချခံရတယ်လို့တော့ မကြေညာသွား ခဲ့ပါဘူး။

တနင်္ဂနွေ နေ့တုန်းက ဒမတ်စကပ်စ် မြို့တော် ဆင်ခြေဖုန်း ရပ်ကွက်တွေကို အစိုးရ တပ်ဖွဲ့တွေက ပြန်ထိန်းချုပ် နိုင်ဖို့ ရဟတ်ယာဉ် တွေရဲ့ အကူအညီတွေနဲ့ အပြင်းအထန် ထိုးစစ်ဆင် ခဲ့ကြတာ ဖြစ်ပါတယ်။ ဂျိုဘာနဲ့ အနီးတဝိုက်က ရပ်ကွက်တွေ ဖြစ်ကြတဲ့ ဇမ်မီကာနဲ့ အာဘင် ရပ်ကွက်တွေ အပေါ်က စစ်ရဟတ်ယာဉ် တွေက ဒုံးကျည်တွေနဲ့ ပစ်ခတ် နေခဲ့ကြတယ်လို့ အတိုက်အခံ တွေက ပြောပါတယ်။

အခုရဟတ်ယာဉ် အပြင် ပြီးခဲ့တဲ့ ၁၃ ရက် နေ့ကလည်း မစ် ၂၃ တိုက်လေယာဉ် တစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ဆီးရီးယား လွတ်မြောက်ရေး တပ်က ပြောပါတယ်။ အခု ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်က ယာဉ်မှုးရဲ့ အလောင်းကိုလည်း သူတို့ ရရှိထား ပြီး ဖြစ်တဲ့ အကြောင်းနဲ့ ဒါဟာ ဒါရာယာ လူသတ်မှုကြီး အတွက် လက်စားချေ တုန့်ပြန်မှု ဖြစ်တယ်လို့ လည်း ဒမတ်စကပ်စ် မြို့တော် အတွင်းက ဆီးရီးယား လွတ်မြောက်ရေး တပ်ရင်းရဲ့ ပြောခွင့်ရသူက အေအဖ်ပီ သတင်းဌာနကို ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ကလည်း အနောက်တောင်ဘက်မှာ ရှိတဲ့ ဒါရာယာ အရပ်ထဲမှာ အစိုးရ တပ်ဖွဲ့တွေက လူပေါင်း ၃၀၀ လောက်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ အကြောင်း အတိုက်အခံ တွေဘက်က ပြောပါတယ်။ အဲဒီ သတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေလည်း ထွက်လာပါတယ်။ အဲဒီ အထဲမှာ မိန်းမတွေ ကလေးတွေပါ ပါတဲ့ လူသေ အလောင်း တွေကို တွေ့ကြ ရပါတယ်။

နိုင်ငံပိုင် မီဒီယာ တွေဘက်ကတော့ ဒီသတ်ဖြတ်မှုတွေ အတွက် အတိုက်အခံ တွေဘက်ကို ပြန်ပြီး အပြစ်တင်ထားပါတယ်။ ပြီးတော့ ဒါရာယာထဲမှာ အကြမ်းဖက် သမား တွေရဲ့ အကြွင်းအကျန် တွေတောင် မရှိတော့ဘူးလို့လည်း ဆိုပါတယ်။

တခါ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ဆီးရီးယား အရေး လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင် ဥက္ကဌ ဖြစ်တဲ့ ပေါ်လို ပင်ညဲရိုးကတော့ ဒီသတ်ဖြတ်မှုတွေဟာ စစ်ရာဇဝတ်မှု နဲ့ အကျုံးဝင်လောက် တယ်လို့ ဘီဘီစီကို ပြောပါတယ်။

တချိန်ထဲမှာပဲ ဆီးရီးယား သမ္မတ ဘာရှာ အဲလ် အာဆတ်ဒ်က တော့ အခု ဖြစ်နေတဲ့ ဆီးရီးယား အုံကြွမှုကြီးမှာ ပြည်ပက ပါဝင် ပတ်သက်မှုတွေ ရှိနေပြီး ဒါဟာ ဆီးရီးယား တနိုင်ငံထဲသာ မကဘဲ ဒေသတခုလုံးကို ပစ်မှတ်ထားတာ ဖြစ်ကြောင်းနဲ့ သူ့အနေနဲ့ ဘာပဲ ရင်းရ ရင်းရ အဲဒီ ကိစ္စကို မအောင်မြင်အောင် တားဆီးသွားမယ်လို့ ဆိုလိုက်တဲ့ အကြောင်း နိုင်ငံပိုင် သတင်း ဆာနာမှာ ကိုးကား ဖော်ပြထား ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။