BBC navigation

သမ္မတ အိုဘားမားကို ဘီလ်ကလင်တန် ထောက်ခံမှုပေးလိုက်

နောက်ဆုံး ရေးသားချိန် 6 စက်တင်ဘာလ 2012 - 13:06 GMT
_clinton

သမ္မတအိုဘားမားကို ထောက်ခံမှုပေးလိုက်တဲ့ သမ္မတဟောင်း ဘီလ် ကလင်တန်

အမေရိကန် ပြည်ထောင်စု မြောက်ကယ်ရို လိုင်းနား ပြည်နယ်က ရှားလက် မြို့မှာ ကျင်းပတဲ့ ဒီမိုကရက်တစ် ပါတီရဲ့ ညီလာခံမှာ အရင် ဒီမိုကရက် သမ္မတဟောင်း ဘီလ် ကလင်တန်က မစ္စတာ အိုဘားမားရဲ့ မူဝါဒ တွေနဲ့ ပတ်သက်လို့ ကာကွယ်ပြောကြား ပြီး ထောက်ခံမှု တွေပေးခဲ့ပါတယ်။

သူရဲ့ မိနစ် ၅၀ ကြာမိန့်ခွန်းထဲမှာ မစ္စတာ ကလင်တန် က သမ္မတ အိုဘားမားရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေဟာ အလုပ်ဖြစ်နေတယ် လို့ ဆိုလိုက်တဲ့ အပြင် ပြိုင်ဘက် ရီပတ်ပလစ်ကန်တွေရဲ့ စီးပွားရေး အတွက် အစီအမံ တွေနဲ့ ပတ်သက်လို့လည်း ဝေဖန် ပြောကြား သွားခဲ့ပါတယ်။

နိုဝင်ဘာလမှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ အိုဘားမားဟာ ရီပတ်ပလစ်ကန် ပါတီက သမ္မတလောင်း မစ်ရွန်မနီနဲ့ ယှဉ်ပြိုင် အရွေးခံရမှာ ဖြစ်ပါတယ်။

လောလောဆယ် စစ်တမ်းတွေထဲမှာ ဒီမိုကရက် မဲဆန္ဒရှင် တွေက သမ္မတ အိုဘားမားနဲ့ ပတ်သက်လို့ သိပ်ပြီး မရေမရာ ဖြစ်နေကြပါတယ်။ ဒါကြောင့်လည်း သူတို့တွေ ရဲ့ ထောက်ခံမှုတွေ ကောင်းကောင်း ရခဲ့ပြီးတဲ့ မစ္စတာ ကလင်တန်က အခုလို ဝင်ပြီး သမ္မတ ကို ထောက်ခံပေးလိုက်တာပါ။

မစ္စတာ ကလင်တန်က အဲဒီ ညီလာခံကို တက်ရောက်လာတဲ့ လူထုကြီးကို ဘယ်လိုတိုင်းပြည်ထဲ မှာ နေချင်ကြလဲ ဆုံးဖြတ်ကြပါ။ မျက်နှာကြီးရာ ဟင်းခွက်ပါတဲ့ အသိုင်းအဝိုင်းမျိုးထဲမှာ နေချင်ကြသပ ဆိုရင်တော့ ရစ်ပတ်ပလစ်ကန် နောက်လိုက်ကြပေါ့။ အားလုံး ပါဝင်တဲ့၊ အားလုံး အခွင့်အရေး တန်းတူရှိတဲ့ တိုင်းပြည်မျိုးနဲ့ နေချင်ကြရင်တော့ ဘာရက် အိုဘားမားနဲ့ ဂျိုးဘိုင်ဒင်ကိုသာ မဲပေးကြပေတော့ ဆိုပြီး ပြောသွား ခဲ့ပါတယ်။

တဆက်ထဲမှာ မစ္စတာ ကလင်တန်က ရီပတ်ပလစ်ကန်တွေက စီးပွားရေးတိုးတက်မှု တွေကို ရှေ့ဆက် မတိုးနိုင်အောင် တားဆီးမှုတွေ လုပ်ခဲ့တယ် ဆိုပြီး စွပ်စွဲလိုက် ပါတယ်။

ဆီးနိတ်လွှတ်တော်တွင်းက ရီပတ်ပလစ်ကန် ခေါင်းဆောင် မစ်(ချ) မက်ကွန်နဲလ် က သူတို့ ပါတီရဲ့ နံပါတ် ၁ ရည်မှန်းချက်က မစ္စတာအိုဘားမား ပြုတ်ဖို့ အတွက် ဆိုပြီး ပြောခဲ့တာကိုလည်း ပြန်အစဖော်ပြီး မစ္စတာကလင်တန်က သူတို့ ဘက်ကတော့ သမ္မတ အိုဘားမား မြဲနေရေး အတွက် လုပ်ကြမယ်လို့ ဆိုလိုက်ပါတယ်။

မစ္စတာ ကလင်တန်က ခုချိန်ထိ၊ သမ္မတ အိုဘားမားရဲ့ စီးပွားရေး မူဝါဒ တွေကြောင့်သာ အမေရိကန် စီးပွားရေး ပိုဆိုး မသွားခဲ့ပဲ ပြန်ပြီး ဦးမော့ လာနိုင်ခဲ့တာလို့ လည်းပြောလိုက်ပါတယ်။ ဒါပေမယ့် အမေရိကန် ပြည်သူတွေ ရုန်းကန်နေရဆဲ ဆိုတာလည်း သူသိကြောင်း တွေကို ပြောလိုက်ပါတယ်။

ဆက်လက်ပြီး သမ္မတ အိုဘားမားရဲ့ ပထမ သက်တမ်းနဲ့ သူ့ရဲ့ ပထမသက်တမ်းကို နှိုင်းယှဉ်ပြီး သူတို့ရဲ့ မူဝါဒတွေက အလုပ်ဖြစ်လို့ စီးပွားရေး ဦးမော့လာ ပေမယ့် လူတွေ သိပ်ပြီး မသိသေးတဲ့ အကြောင်း၊ သူ့အရင်က ဘယ်သမ္မတ မှလည်း ပထမ ၄ နှစ် သက်တမ်း အတွင်းမှာ စီးပွားရေးကို လုံးဝ ပြန်ကောင်းအောင် မလုပ်နိုင်ခဲ့ တဲ့ အကြောင်းတွေကို လည်း ပြောပါတယ်။

ဒါပေမယ့် မစ္စတာ အိုဘားမားဟာ အောင်မြင်မှုရမယ့် ခေတ်သစ် စီးပွားရေး အတွက် အုတ်မြစ်ချထား ခဲ့ပြီး ဖြစ်လို့ သူ့ကို နောက်ထပ် သက်တမ်း ထပ်ပြီး ရွေးကြ မယ်ဆိုရင် ဒီအသီးအပွင့် တွေကို ခံစား ကြရလိမ့်မယ် ဆိုပြီး ပြောကြား သွားခဲ့ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။