BBC navigation

လူငယ်နိုင်ငံရေးကာတွန်းဆရာ လွှတ်တော်ဝေဖန်လို့ အဖမ်းခံရ

နောက်ဆုံး ရေးသားချိန် 10 စက်တင်ဘာလ 2012 - 16:55 GMT
Aseem Trivedi

လူငယ်ကာတွန်းဆရာ ထရီတီဗီ

အဖမ်းခံလိုက်ရတဲ့ အာဆင်း ထရီဗီတီဟာ အသက် ၂၅ နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ်နိုင်ငံရေး ကာတွန်းဆရာ တယောက်ဖြစ်ပါတယ်။ သူဟာ Cartoons Against Corruption ခြစားမှု တိုက်ဖျက်ရေး ကာတွန်းများ ဆိုတဲ့ လှုပ်ရှားမှုနဲ့ လူသိများတဲ့ ကာတွန်းဆရာ တယောက်ဖြစ်ပါတယ်။

သူ့ကို အိန္ဒိယနိုင်ငံ အခြေခံဥပဒေကို သရော်တဲ့ ကာတွန်းတွေ ရေးဆွဲမှု၊ နိုင်ငံတော်အလံကို စော်ကားမှု စတာတွေကို ကျူးလွန်ခဲ့တယ်ဆိုပြီး နိုင်ငံတော်အပေါ် အကြည်ညိုပျက်စေမှုနဲ့ ဖမ်းလိုက်တာပါ။

မွန်ဘိုင်းအခြေစိုက် ရှေ့နေတဦးက ကာတွန်းဆရာ အာဆင်း ထရီဗီတီရဲ့ ကာတွန်းတွေဟာ အိန္ဒိယနိုင်ငံကို ဆန့်ကျင်တဲ့ လုပ်ရပ် ဖြစ်တယ်ဆိုပြီး တိုင်တန်းလိုက်တဲ့ အတွက် သူ့ကို ဒီရက်သတ္တပတ် အကုန်မှာပဲ မွန်ဘိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။

ဒီပြစ်မှုတွေအတွက် စက်တင်ဘာလ ၁၆ ရက်နေ့အထိ ရမန် ယူပြီး ချုပ်ထားမယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံလို ဒီမိုကရေစီနိုင်ငံမှာ အဂတိလိုက်စားမှုကို ဆန့်ကျင်တဲ့ ကာတွန်းဆရာကို ဖမ်းလိုက်တာဟာ မှားယွင်းတဲ့ လုပ်ဆောင်မှုတခု အဖြစ် အိန္ဒိယ မီဒီယာတွေနဲ့ လူသိများ ကျော်ကြားသူတွေက ဝေဖန်ခဲ့ကြပါတယ်။

အဲဒီလို လူသိများတဲ့ သူတွေထဲမှာ အိန္ဒိယ စာနယ်စင်း ကောင်စီရဲ့ ဥက္ကဌ Markandey Katju လည်း တယောက်အပါအဝင် ဖြစ်ပါတယ်။

သူ ပြောတာကတော့ သူတွေရှိရတဲ့ သတင်း အချက်အလက်တွေအရ ကာတွန်းဆရာ Aseem Trivedi ဟာ တရားမဝင် လုပ်တာ ဘာမှမရှိခဲ့ဘူး၊ သူ့ကို ဖမ်းတာကမှ တရားမဝင် လုပ်ဆောင်မှု ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။

ကာတွန်းဆရာကို ဖမ်းတဲ့ ကိစ္စအပေါ် မကျေနပ်သံတွေ ဝေဖန်သံတွေဟာ Twitter လို့ လူမှုကွန်ရက် ဝက်ဆိုက်တွေမှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။ တကယ်လို့ နိုင်ငံတော်အပေါ် အကြည်ညို ပျက်စေမှုနဲ့ အရေးယူခဲ့ရင်တော့ ကာတွန်းဆရာဟာ ထောင်ဒဏ် သုံးနှစ်အထိ ကျခံရနိုင်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။