BBC navigation

Manaf Tlass ပြင်သစ်က ကယ်ထုတ်လို့ လွတ်လာ

နောက်ဆုံး ရေးသားချိန် 10 စက်တင်ဘာလ 2012 - 23:01 GMT

ထွက်ပြေးလာတဲ့ ဆီးရီးယာ ထိပ်တန်း အကြီးအကဲ Manaf Tlass

မကြာသေးခင်က ဆီးရီးယား ကနေ ထွက်ပြေးလာသူတွေထဲက နာမယ်အကြီးဆုံး တယောက် ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Manaf Tlass က သူတိုင်းပြည်ထဲက ထွက်ပြေးလွတ်မြောက် နိုင်ဖို့ ပြင်သစ် နိုင်ငံက အကူအညီ ပေးခဲ့တာလို့ ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ဒီကိစ္စမှာ သူ့ကို အကူအညီ ပေးခဲ့တဲ့ သူတွေ ဒုက္ခ ရောက်မှာစိုးလို့ အသေးစိတ်ကို မပြောနိုင်ပါဘူးလို့ သူခိုလှုံနေရာ ပါရီမြို့ကနေ မစ္စတာ တာလက်စ်က ရှင်းပြခဲ့ပါတယ်။

ဆီးရီးယား အစိုးရဟာ သူတို့အနေနဲ့ သုံးဖို့ လိုအပ်လာတယ်လို့ ထင်ရင် ဓါတု လက်နက်တွေ သုံးဖို့ ဝန်မလေးဘူးလို့လည်း သတိပေးခဲ့ ပေမယ့် ပြည်ပနိုင်ငံတွေက ဆီးရီးယားကို ဝင်တိုက်တာကိုတော့ သူက ဆန့်ကျင်ကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် ဆီးရီးယား ပြည်သူတွေနဲ့ သူ့မိသားစု အကျိုးအတွက် သူ့မိတ်ဆွေဟောင်း သမ္မတ ဘတ်ရှား အယ် အာဆက်ဒ် အနေနဲ့ ရာထူးက ဆင်းပေးဖို့ သူက ပန်ကြားခဲ့ပါတယ်။

မစ္စတာ တလက်စ်ကို တချို့က အတိုက်အခံ ခေါင်းဆောင်တယောက် အဖြစ် မြင်လိုကြပေမယ့် တချို့ကတော့ သူဟာ သိတ် အလျော့ပေးတက် လွန်းတယ် ဆိုပြီး ပယ်ချခဲ့ကြပါတယ်။

တခါ ဆီးရီးနိုင်ငံ အလက်ပိုမြို့မှာ စစ်သား နှစ်ဆယ်ကျော်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်လိုက်တယ်လို့ ဆိုထားတဲ့ ဗီဒီယိုတွေကို အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေရဲ့ အင်တာနက် စာမျက်နှာမှာ တင်ထားတာ တွေ့ရပါတယ်။

အဲဒီ ဆီးရီးယား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က တင်ထားတဲ့ ဗီဒီယိုမှာ ပျောက်ကျား စစ်ဝတ်စုံ ၀တ်ထားတဲ့ သွေးပေကျံနေတဲ့ အလောင်းတွေကို တချို့ ဆိုရင် လက်ပြန်ကြိုး တုပ်နှောင်ထားရက်သား လမ်းပေါ်မှာ တန်းစီ ချထားတာ တွေ့ရပြီး ဒီသတ်ဖြတ်မှုတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။

မကြာခင်က ခန့်လိုက်တဲ့ ဆီးရီးယား အရေး ဆိုင်ရာ နိုင်ငံတကာ အထူး သံတမန် Lakhdar Brahimi ပဋိပက္ခ ဖြစ်ရာ နေရာကို ပထမဆုံး အကြိမ် ရောက်လာခဲ့ပြီးမှာ အခုလို ရက်စက် ကြမ်းကြုတ်တဲ့ သတ်ဖြတ်မှုတွေ ပိုတိုး ဖြစ်လာခဲ့တာပါ။

မစ္စတာ ဘရာဟီမီဟာ သူ့ခရီးစဉ်အတွင်း အာရပ် အဖွဲ့ချုပ် အကြီးအကဲ Nabil El Araby နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။