BBC navigation

အမေရိကန် ဆန့်ကျင်ဆန္ဒပြမှုတွေ ပိုများလာ

နောက်ဆုံး ရေးသားချိန် 14 စက်တင်ဘာလ 2012 - 17:12 GMT

အမေရိကန် ပြည်ထောင်စု မှာ ရိုက်ကူး ခဲ့တဲ့ အစ္စလာမ် ဘာသာကို စော်ကားတယ်လို့ ယူဆတဲ့ ရုပ်ရှင် ကားနဲ့ ပတ်သက်ပြီး ကန့်ကွက် ဆန္ဒပြမှုတွေ အီဂျစ် နိုင်ငံ အပြင် တူနီရှား၊ ဆူဒန် ၊အင်ဒိုနီရှား၊ မလေးရှားနိုင်ငံတွေမှာ ဆက်လက် ဖြစ်ပွား နေပါတယ်။

အီဂျစ် နိုင်ငံမှာ ဆန္ဒပြ သမား တွေက အမေရိကန် သံရုံးဆီ လာရောက်ဖို့ ကြိုးပမ်း ခဲ့စဉ်မှာ ရဲတွေက မျက်ရည်ယို ဗုံးတွေ ပစ်ဖောက်ခဲ့ ပြီး သူတို့ကို တာရီယာ ရင်ပြင် Tahrir Square ဆီ ပြန်သွား စေခဲ့ပါတယ်။

သံရုံး ဝန်းကျင်က လမ်းတွေကို သံဆူးကြိုးတွေ ရဲကားတွေနဲ့ ကာရံ ပေးထားပါတယ်။

အီဂျစ် သမ္မတ မစ္စတာ မော်စီက သံရုံးတွေကို တိုက်ခိုက်တာတွေ ရပ်တန့်ဖို့ တိုက်တွန်းလိုက်ပြီး ရုပ်ရှင်နဲ့ ပတ်သက်လို့ နိုင်ငံ တဝန်း ဆန္ဒပြဖို့ ဆော်သြတာတွေကို မွတ်ဆလင် ညီနောင်များ အဖွဲ့က ပြန်လည် ရုပ်သိမ်း လိုက်ပါတယ်။

သူတို့ အနေနဲ့ ကန့်ကွက်မှုကို ထောက်ခံတယ်ဆိုတာကိုသာ ပြသလိုတာ ဖြစ်ပြီး နောက်ထပ် သေဆုံးမှု ပျက်စီးမှုတွေ မရှိသင့်တော့ဘူးလို့ ပြောပါတယ်။

စောစောပိုင်းကတော့ လစ်ဗျား အာဏာပိုင် တွေက အမေရိကန် သံ အမတ် သေဆုံး ခဲ့ရတဲ့ ဘန်ဂါဇီ မြို့ အမေရိကန် သံရုံးကို အင်္ဂါနေ့က တိုက်ခိုက် ခဲ့မှုနဲ့ ပတ်သက်ပြီး လူ အတော် များများကို ဖမ်းဆီး ထားတယ်လို့ ပြောပါတယ်။
သတင်း တစ်ခုကတော့ Ansar Al-Sharia လို့ ခေါ်တဲ့ လက်နက်ကိုင် အဖွဲ့ရဲ့ အဖွဲ့ဝင် လူ လေးယောက်ကို ဖမ်းထားတယ်လို့ ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စု မှာ ရိုက်ကူးပြသ ခဲ့တဲ့ အစ္စလာမ် ဘာသာကို စော်ကားတယ်လို့ ယူဆတဲ့ ရုပ်ရှင် ကားနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဖြစ်နေချိန်မှာ လစ်ဗျားက အမေရိကန် သံရုံးကို တိုက်ခိုက်မှု ဖြစ်ပွားခဲ့ တာပါ။
လစ်ဗျား ဝန်ကြီးချုပ်သစ် မူစ်တာဖာ အဘူ ရှာကာ Mustafa Abu Shaqur က အခု ဖြစ်ရပ်ကြောင့် လစ်ဗျားနဲ့ အမေရိကန် ဆက်ဆံရေးကို မထိခိုက် စေချင်ဘူးလို့ ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။