BBC navigation

ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ကြီးထွားလာ

နောက်ဆုံး ရေးသားချိန် 15 စက်တင်ဘာလ 2012 - 16:45 GMT

ရဲတွေ ဝိုင်းပိတ် ဆို့ထားတဲ့ အတား အဆီးတွေကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့

တရုတ်နဲ့ ဂျပန်နိုင်ငံ အကြား ကျွန်းစု ကိစ္စ အငြင်းပွားနေမှု တဖြည်းဖြည်း ကြီးထွား တင်းမာ လာနေချိန်မှာပဲ တရုတ် နိုင်ငံက မြို့အတော် များများမှာ ဂျပန် ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဘေဂျင်း မြို့တော်မှာ ဆိုရင် ဆန္ဒပြသူတွေက ဂျပန် သံရုံးကို ခဲတွေ ပုလင်းတွေနဲ့ ပစ်ပေါက် ခဲ့ကြသလို အဓိကရုဏ်း ရဲတွေ ဝိုင်းပိတ် ဆို့ထားတဲ့ အတား အဆီးတွေကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ ကြပါတယ်။ အနည်းဆုံး တခြား မြို့ ၁၁ မြို့ မှာလည်း အလားတူ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဂျပန် စားသောက်ဆိုင်တွေကို ဆန္ဒပြသူတွေက တိုက်ခိုက် ခဲ့ကြသလို တနေရာမှာတော့ ဂျပန်နိုင်ငံထုတ် ကားတစီးကို မှောက်လှန် ဖျက်ဆီး ထားတာ တွေ့ရပါတယ်။

အရှေ့ တရုတ်ပင်လယ်ပြင်က သူပိုင်ငါပိုင် အငြင်းပွားနေတဲ့ ကျွန်းစု တချို့ကို ဂျပန် အစိုးရက အခုသီတင်းပတ်မှာ ဝယ်ယူလိုက်တာ ကြောင့်လည်း တရုတ်ပြည်သူတွေ အကြား မကျေနပ် မှုတွေ ပိုကြီးထွားလာခဲ့တာပါ။

ဂျောင်ယူလို့ တရုတ်တွေက အမည်ပေးထားပြီး ဆဲန်ကာကူလို့ ဂျပန်တွေက ခေါ်တဲ့ အဲဒီ ကျွန်းစုတွေထဲက ကျွန်းစု ၃ ခု ကို ဂျပန် အစိုးရက ဝယ်လိုက်ပြီ ဆိုတဲ့ ကြေညာချက်ကို တုံ့ပြန်တဲ့ အနေနဲ့ တရုတ် အစိုးရ ကလည်း အဲဒီ ကျွန်းစုတွေနား တဝိုက်ဆီ သောကြာနေ့ ကပဲ ကင်းထောက် သင်္ဘော ၆ စင်း စေလွှတ် လိုက်ပါတယ်။

အခုလို အငြင်းပွားနေမှုကြောင့် အခုအခါ တရုတ် ဂျပန် နှစ်နိုင်ငံ အကြား စီးပွားရေး ဆက်ဆံမှုအတွက် ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ နှစ်ဖက်စလုံးရဲ့ သံတမန်တွေ အနေနဲ့ သူတို့မှာ ဆုံးရှုံး ထိခိုက်မှုတွေ ရှိလာမယ် ဆိုတာကို အသေအချာ သိထားကြပါတယ်။

ဒါပေမယ့်လည်း အမျိုးသားရေးနဲ့ ဆိုင်တဲ့ တက်ကြွမှုတွေက ထိန်းဖို့ ခက်နေပါတယ်။ ဘေဂျင်းမှာ ခေါင်းဆောင် အပြောင်းအလဲ အတွက် ရွေးချယ်ဖို့ ကာလလည်း ဖြစ်နေ၊ ဂျပန် မှာလည်း ရွေးကောက်ပွဲ နီးလာနေပြီ ဆိုတော့၊ ဒီကာလဟာ နိုင်ငံရေး ကာလ ဖြစ်နေ တာကြောင့် အခြေအနေကို ထိန်းနိုင်မှာ မဟုတ်ဘူးလို့ တွက်ဆနေသူတွေ ရှိနေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။