BBC navigation

နေတိုး တိုက်ခိုက်မှု အာဖဂန် အရပ်သားတွေ သေဆုံး

နောက်ဆုံး ရေးသားချိန် 16 စက်တင်ဘာလ 2012 - 15:51 GMT

အရပ်သားတွေ သေဆုံးခဲ့ရတဲ့အတွက် အာဖဂန် ပြည်သူတွေ ဆန္ဒပြခဲ့ကြပါတယ်

အာဖဂန် နစ္စတန် အရှေ့ပိုင်းဒေသမှာ တနင်္ဂနွေနေ့ မနက် အစောပိုင်းက နေတိုး တပ်ဖွဲ့ရဲ့ လေကြောင်း တိုက်ခိုက်မှု တခုအတွင်း အရပ်သား အမျိုးသမီး ၈ ဦး ထက် မနည်း သေဆုံး သွားပြီး တခြား သူတွေလည်း ဒဏ်ရာ ရရှိသွားပါတယ်။

အဲဒီ သေဆုံးသွားတဲ့ အမျိုးသမီး တွေဟာ တောင်ပေါ် မှာ ထင်းခွေ နေကြတဲ့ အချိန်၊ တိုက်ခိုက် ခံခဲ့ရတာ ဖြစ်တယ်လို့ လက်ခ်မန်း ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ ပြောခွင့်ရသူ က ဘီဘီစီကို ပြောပါတယ်။

နေတိုး ဦးဆောင်တဲ့ နိုင်ငံတာ တပ်ဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူး အဒမ် ဝူဂျက်က တော့ အဲဒီ ဒေသက စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး၊ အရပ်သား သေဆုံးတယ် ဆိုတာလည်း ဖြစ်နိုင်တယ်လို့ ဝန်ခံ ပြောကြားပါတယ်။

နောက်ပြီး အခုလို မတော်တဆ အရပ်သားတွေ သေဆုံးခဲ့ရတဲ့ အပေါ် ဝမ်းနည်းရပါကြောင်း သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ အာဖဂန် ပြည်သူတွေကို ပြောကြားလိုက်ပါတယ်။

အာဖဂန်မှာ အခုလို အရပ်သားတွေ ထိခိုက် သေဆုံးမှုတွေ ရှိတာကြောင့် အာဖဂန်ပြည်သူတွေဟာ နိုင်ငံခြားတပ်ဖွဲ့တွေ အပေါ် အမျက်ဒေါသ ဖြစ်နေကြပါတယ်။

တိုက်ခိုက်မှုတွေ ဆက်

နိုင်ငံတောင်ပိုင်းက ပြည်နယ်တခုမှာတော့ နေတိုးစစ်သား ၄ ဦး ပစ်သတ် ခံလိုက်ရတယ်လို့ အာဖဂန် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒါဟာ ၂၄ နာရီ အတွင်း ကိုယ့်အတွင်းလူ ကနေ ပြန်လည် တိုက်ခိုက်တဲ့ ဒုတိယမြောက် ဖြစ်ရပ်ပါ။

စနေနေ့ကလည်း အာဖဂန် ရဲ ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား တဦးဟာ ဟဲလ်မန်း ပြည်နယ်မှာ ဗြိတိသျှစစ်သား နှစ်ဦးကို ပစ်သတ် လိုက်ပါတယ်။

တခြား ဖြစ်စဉ် တခုမှာတော့ နန် ဂဟာ ပြည်နယ်မှာ အစိုးရရုံးတွေ တိုက်ခိုက် ခံရပြီး နောက် ရဲနဲ့ စစ်သွေးကြွတွေ အကြား နာရီပေါင်း အတော်ကြာ အပြန်အလှန် ပစ်ခတ် မှုတွေ ဖြစ်ပွားခဲ့ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။