BBC navigation

တရုတ်မြို့ကြီးတွေမှာ ဂျပန်ဆန့်ကျင်ရေးဆက်

နောက်ဆုံး ရေးသားချိန် 17 စက်တင်ဘာလ 2012 - 16:45 GMT
Chinese Protest

မနက်ဖြန် စက်တင်ဘာ ၁၈ ဟာ နှစ်နိုင်ငံစလုံးအတွက် အရေးကြီးတဲ့ နေ့ဖြစ်သလို ဆန္ဒပြမှုတွေလည်း ရှိနေဆဲပါ။

တရုတ်နိုင်ငံက မြို့အတော်များများမှာ အခုရက်ပိုင်းအတွင်း စိတ်ဆိုးနေတဲ့ လူအုပ်ကြီးက ဂျပန် စီးပွားရေးလုပ်ငန်းတွေ သံတမန်အဆောက်အအုံတွေ၊ ရုံးတွေကို ဆက်လက် တိုက်ခိုက်နေပါတယ်။

ဘေဂျင်းရှိ ဂျပန်သံရုံးရှေ့မှာ ဆန္ဒပြသူတွေက အော်ဟစ်ပြီး ဂျပန် ကုန်ပစ္စည်းတွေ သပိတ်မှောက်ဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

မီးရှို့ဖျက်ဆီးမှု၊ လုယက်မှုတွေကြောင့် စက်ရုံးဝန်ထမ်းတွေ လုံခြုံမှုမရှိတဲ့အတွက် ဂျပန်ကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ Panasonic နဲ့ Cannon တို့က ကုန်ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ပါတယ်။

ဂျပန်တို့က တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်းကို ၁၉၃၀တုန်းက ဝင်ရောက် သိမ်းပိုက်တဲ့ နှစ်ပတ်လည်နေ့ မနက်ဖန်မှာ လူထု ဆန္ဒပြမှုတွေ ပိုများလာနိုင်ပါတယ်။

တရုတ်အစိုးရပိုင် မီဒီယာကတော့ ဆန္ဒပြသူတွေကို ဆင်ခြင်တုံတရားရှိဖို့ တိုက်တွန်းလိုက်ပါတယ်။ တရုတ်အစိုးရဖက်ကတော့ ရေနယ်နိမိတ် အငြင်းပွားမှုကို ဂျပန်အစိုးရဖက်က သတိရှိရှိ ကိုင်တွယ်ဖြေရှင်းဖို့ သတိပေး လိုက်ပါတယ်။

ကွန်မြူနစ်ပါတီအာဘော် ပြည်သူ့နေ့စဉ် သတင်းစာမှာ တရုတ်ရဲ့ အဓိက ကုန်သွယ်ဖက်ဖြစ်တဲ့ ဂျပန်နိုင်ငံမှာ စီးပွားရေး ရိုက်ခတ်မှုတွေ ရှိနိုင်တယ်လို့ ပြောပါတယ်။ တဖက်ကလည်း စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်မယ်ဆိုရင် နှစ်ဖက်စလုံး ထိခိုက်နိုင်ကြောင်း တရုတ်က ဝန်ခံသွားပါတယ်။

အခုလို ဂျပန်တွေကို တိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံမှာ ဂျပန်ရင်းနှီးမြုပ်နှံမှုကို ထိခိုက်မှာ စိုးရိမ်နေပါတယ်။ အကဲခတ်တွေကတော့ ဂျပန်ဟာ တရုတ်ကို ကျော်ပြီး ထိုင်းနဲ့ အခြားနိုင်ငံတွေမှာ ကုန်ပစ္စည်းထုတ်ဖို့ ရွှေ့ပြောင်းသွားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

အခုအခါမှာ ပြဿနာ ဖြစ်နေတဲ့ ကျွန်းတွေဆီကို တရုတ်ငါးဖမ်းသင်္ဘောတွေ ဦးတည်နေပါတယ်။ ဒီကျွန်းတွေကို ဂျပန်က ထိန်းချုပ်ထားပါတယ်။ တကယ်လို့ တရုတ် ငါးဖမ်းသင်္ဘောတွေကို ဂျပန် ကမ်းခြေစောင့်တွေက တားမြစ်ရင် ပဋိပက္ခတွေ ဖြစ်မှာ စိုးရိမ်ရပါတယ်။

အခုလို ပြဿနာတွေ ဖြစ်လာတာဟာ ဂျပန်လူမျိုး တယောက်ပိုင်ဆိုင်တဲ့ အရှေ့တရုတ်ပင်လယ်က အငြင်းပွားနေတဲ့ ကျွန်းတွေကို ဂျပန်အစိုးရက ဝယ်မယ်လို့ ပြောပြီးတဲ့နောက် အခြေအနေတွေ ပိုတင်းမာလာတာ ဖြစ်ပါတယ်။

အငြင်းပွားနေတဲ့ ကျွန်းစုကို တရုတ်က ပိုင်ဆိုင်တယ်လို့ ပြောနေသလို ထိုင်ဝမ်ဘက်ကလည်း ပိုင်ကြောင်း ပြောဆိုနေတာ ဖြစ်ပါတယ်။ တရုတ်ဖက်က ဂျောင်ယူလို့ခေါ်ပြီး ဂျပန်ကတော့ ဆင်ကာကုလို့ ခေါ်တဲ့ ကျွန်းတွေဟာ လူမနေပေမယ့် သဘာဝအရင်းအမြစ် ကြွယ်ဝပါတယ်။ နှစ်နိုင်ငံကြား တင်းမာမှုတွေကတဆင့် ၂၀၁၀ ပြည့်နှစ်မှာတော့ ဒီကျွန်းစုတွေကိစ္စဟာ သံတမန်ရေးနဲ့ အကြီးအကျယ် အငြင်းပွားကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။