BBC navigation

အာဖဂန်ပူးတွဲ စစ်ရေးလှုပ်ရှားမှုတွေ နေတိုး လျှော့

နောက်ဆုံး ရေးသားချိန် 18 စက်တင်ဘာလ 2012 - 16:01 GMT
NATO

နေတိုးတပ်နဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတစ်ခု

အာဖဂန်နစ္စတန်နိုင်ငံမှာ အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ပူးတွဲ လှုပ်ရှား ဆောင်ရွက် နေမှုတွေကို လျှော့ချ တော့မယ်လို့ နေတိုးအဖွဲ့က ထုတ်ဖေါ် ကြေညာ လိုက်ပါတယ်။

နေတိုးတပ်ဖွဲ့ဝင်တွေအပေါ် အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုတွေ တိုးပွားလာနေချိန်မှာပဲ အခုလို ကြေညာ လိုက်တာပါ။

တကယ်ဆိုရင် နေတိုးဦးဆောင်တဲ့ နိုင်ငံတကာ တပ်ဖွဲ့ဝင်တွေနဲ့ အာဖန် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပုခုံးချင်း ယှဉ်ပြီးတာလီဘန်တွေကို ဆန့်ကျင် တိုက်သွားဖို့ ရည်ရွယ်ထားခဲ့တာပါ။

အခုလို လျှော့ချမှုတွေ လုပ်တော့မယ် ဆိုတော့ အာဖဂန်နစ္စတန်နိုင်ငံနဲ့ ပတ်သက်လို့ နေတိုးအဖွဲ့ ချမှတ်ထားတဲ့ အရေးပါတဲ့ နည်းဗျူဟာတွေကို အကြီးအကျယ် ထိခိုက်သွားစေလိမ့်မယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

လုံခြုံရေး တာဝန်အတွက် အာဖဂန် ရဲနဲ့ စစ်တပ်ဖွဲ့ဝင်တွေကို လေ့ကျင့် သင်တန်းပေးရေးဟာ နေတိုးအဖွဲ့ရဲ့ အဓိက စီမံကိန်းဖြစ်ပြီး ကင်းလှည့် လုံခြုံရေး တာဝန်ကို ခုချိန်ထိ နေတိုးနဲ့ အာဖဂန် ပူးပေါင်းလုပ်ခဲ့တာပါ။

အခုအခါ စစ်ဆင်တိုက်ခိုက်မှု အဆင့်တွေမှာပဲ ပူးတွဲဆောင်ရွက်တော့မှာ ဖြစ်ပြီး သိပ် အရေးမပါတဲ့ အဆင့်မျိုးတွေ ဆောင်ရွက်ရာမှာတော့ အဆင့်မြင့် ဒေသခံ တပ်မှူးရဲ့ အတည်ပြုချက်နဲ့ ဆောင်ရွက်ဖို့ ရှိတယ်လို့ နေတိုးတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

အခုလို ပူးတွဲ ဆောင်ရွက်မှုတွေ လျှော့ချလိုက်တာဟာ နေတိုးတပ်ဖွဲ့ဝင်တွေ အပေါ် အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ လုပ်ကြံတိုက်ခိုက်နေမှုတွေ နည်းပါးသွားအောင် လုပ်လိုက်တာ ဆိုတာကတော့ ထင်ရှားနေပါတယ်။
ဒီလုပ်ကြံ တိုက်ခိုက်မှုတွေရဲ့ အကြောင်းရင်း ခံတွေက အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေထဲ တာလီဘန်တွေ ထိုးဖေါက် စိမ့်ဝင်လာနေတာ ဖြစ်နိုင်သလို ပုဂ္ဂိုလ် တဦးချင်း ရဲ့ မကျေနပ်မှုတွေကြောင့် အခုလို တိုက်ခိုက်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
တခါ အာဖဂန် လုံခြုံရေး တပ်ဖွဲ့ ကြီး တဟုန်ထိုး ကြီးမားလာတာကြောင့်လည်း ပိုဆိုးသွားစေခဲ့တာပါ။

တပ်သားသစ် လာလျှောက်သူတွေကို အသေအချာ စိစစ်တာမျိုး၊ ခွင့်နဲ့ နေရပ်က ပြန်လာသူတွေကို တွေ့ဆုံမေးမြန်းတာမျိုးတွေ အသေအချာ လုပ်မှသာ ဒီပြဿနာရဲ့ တစိတ်တပိုင်းကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

နေတိုးတပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တွေ ၂၀၁၄ခုနှစ်မှာ အာဖဂန်နစ္စတန် နိုင်ငံထဲကနေ ပြန်ရုတ်သိမ်းဖို့ ရှိနေပြီး မဟာမိတ် ပူးတွဲ ဆောင်ရွက်မှုတွေ အနေနဲ့ ပုန်ကန်မှုတွေ ကို ဆန့်ကျင်တိုက်ဖျက်မှုနဲ့ လေ့ကျင့် သင်တန်းပေးမှု၊ ကွပ်ကဲကြီးကြပ်ပေးမှုတွေကို တဖြည်းဖြည်းချင်း ဆောင်ရွက်သွားဖို့ စီစဉ်ထားတာပါ။

ဒါပေမယ့် လေ့ကျင့်သင်တန်းပေးမှုနဲ့ ကွပ်ကဲ ကြီးကြပ်မှုတွေ လုပ်ရာမှာ နေတိုးနဲ့ အာဖန် စစ်မှုထမ်းတွေအကြား ယုံကြည်မှုနဲ့ လိုက်လျောညီထွေ ဆက်ဆံမှု ရှိဖို့ လိုပါတယ်။

ဒါ့အပြင် နေတိုးတပ်ဖွဲ့ဝင်တွေအပေါ် အာဖဂန် တပ်ဖွဲ့ဝင်တွေက လုပ်ကြံ တိုက်ခိုက်နေမှုတွေ တိုးပွားလာနေတာတွေ ရပ်ဆိုင်းသွားအောင် အာဖဂန် အာဏာပိုင်တွေက မဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက်လည်း နေတိုးအဖွဲ့တပ်မှူးတွေ အနေနဲ့ အခုလို ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။