BBC navigation

ဆီးရီးယားမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်

နောက်ဆုံး ရေးသားချိန် 19 စက်တင်ဘာလ 2012 - 16:30 GMT
Syria

ဆီးရီးယား တူရကီ နယ်စပ်

ဆီးရီးယားအစိုးရနဲ့ သူပုန်တွေအကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး နိုင်ငံမြောက်ပိုင်းက တူရကီ နယ်စပ်အကူးနေရာတခုကို သူပုန်တွေဘက်က ထိန်းသိမ်းထားလိုက်ပြီလို့ သိရပါတယ်။

ဆီးရီးယား မြောက်ပိုင်းက တူရကီနယ်စပ်အကူး အယ်လ်တာ အယ်လ် အဘ်ရက် ဆိုတဲ့ နေရာတွေကို သူပုန်တွေက လုံးဝ ထိန်းချုပ်လိုက်ပြီလို့ တူရကီ အစိုးရရဲ့ ထုတ်ပြန်ချက် အရ ရော နောက်ပြီးတော့ မျက်မြင်သက်သေတွေရဲ့ အဆိုအရ သိရှိရပါတယ်။

အခုလို ထိန်းချုပ်လိုက်နိုင်တဲ့ အတွက် ဆီးရီးယားကို သူပုန်တွေအတွက် အဝင်အထွက် လုပ်ဖို့ ပိုပြီး လွယ်ကူ သွားစေ ပါတယ်။

နောက်ပြီး နိုင်ငံရဲ့ အကြီးဆုံးမြို့တွေဖြစ်တဲ့ အလက်ပိုနဲ့ ဒမတ်စကက် မှာလည်း ဆီးရီးယား စစ်တပ်နဲ့ သူပုန်တွေအကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။

ဒမတ်စကက်မြို့က ဟာဂျာ အယ်လ်စွက်ဆိုတဲ့ ရပ်ကွက်ဘက်ကို အစိုးရတပ်တွေ ချီတက်နေတာကို ဆီးရီးယား အစိုးရ ရုပ်မြင်သံကြားက ထုတ်လွှင့် သွားပါတယ်။

အဲဒီရပ်ကွက်မှာ လူအယောက် ၂၀ ကျော်ကို အစိုးရတပ်တွေက သုတ်သင်ရှင်းလင်းခဲ့တယ်လို့ သူပုန်တွေဘက်က ပြောပါတယ်။ နောက်ပြီး မြို့အရှေ့ဘက် ဂျိုဘာဆိုတဲ့ နေရာမှာလည်း အလားတူပဲ ဖြစ်ပွားခဲ့တယ်လို့ သူပုန်တွေ ဘက်က ဆိုပါတယ်။

အရပ်သားတွေနေထိုင်တဲ့ ရပ်ကွက်တွေကို ပစ်မှတ်ထားတဲ့ ဆီးရီးယား စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေက အရပ်သားသေဆုံးမှု အရေအတွက်ကို တဟုန်တိုး တိုးမြှင့်စေတယ်လို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့အစည်းရဲ့ အစီရင်ခံမှာ ပြစ်တင် ဝေဖန် ထားပါတယ်။

အဲဒီလိုတိုက်ခတ်မှုတွေဖြစ်ပွားနေချိန်မှာပဲ ဆီးရီးယား အရေးအခင်းကို နိုင်ငံရေးအရ အဖြေရှာနိုင်ဖို့ အီရန်နိုင်ငံခြားရေး ဝန်ကြီး အာလီအာခါဘာ ဆာလာဟီက သမ္မတ ဘာရှာအယ်လ် အာဆတ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အီရန်နိုင်ငံခြားရေး ဝန်ကြီးဟာ သမ္မတ ဘာရှာအယ်လ် အာဆတ် ပြုတ်ကျဖို့ လိုလားတဲ့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ၊ တူရကီနိုင်ငံခြားရေးဝန်ကြီးတို့နဲ့လည်း မကြာသေးမီက ကိုင်ရိုမြို့မှာ တွေ့ဆုံခဲ့ပါတယ်။

ဆီးရီးယား အရေးဖြေရှင်းဖို့ က ပြည်ပ နိုင်ငံတွေရဲ့ ဖိအားပေးလုပ်ဆောင်ဖို့ထက် ဆီးရီးယားနိုင်ငံကိုယ်တိုင်က လုပ်ဆောင်ရမှာဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားလိုက်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။