BBC navigation

အိန္ဒိယမှာ နိုင်ငံခြားကုမ္ပဏီတွေကို ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 20 စက်တင်ဘာလ 2012 - 16:27 GMT
အိန္ဒိယ နိုင်ငံတဝှမ်းက သပိတ်မှောက်ပွဲ

အိန္ဒိယ နိုင်ငံတဝှမ်းက သပိတ်မှောက်ပွဲ

အိန္ဒိယ လက်လီ ကုန်စည် လုပ်ငန်း ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဖို့ ကွန်ဂရက် ပါတီ ဦးဆောင်တဲ့ အစိုးရက မနှစ်က အဆိုပြု တင်ပြခဲ့ပေမယ့် ဆန့်ကျင် ကန့်ကွက်မှု တွေကြောင့် ပြန်ရုတ်သိမ်းခဲ့ ရပါတယ်။
အခုတခါ အစိုးရက နိုင်ငံ့ စီးပွားရေး စနစ် ပြန်နလံထူလာစေဖို့ ဆိုပြီး မလုပ်မဖြစ် လိုအပ်တဲ့ ဆောင်ရွက်ချက်တွေ အဖြစ် ပြီးခဲ့တဲ့ သီတင်းပတ်က ဒီအဆိုပြုချက်တွေကို ထုတ်ဖေါ် ကြေညာလိုက်တာပါ။

ဒီအဆိုပြုချက်တွေအရ Walmart တို့၊ Tesco တို့လို နိုင်ငံခြား ကုန်တိုက်ကြီးတွေ အနေနဲ့ အိန္ဒိယနိုင်ငံမှာ လက်လီ လုပ်ငန်းတွေရဲ့ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း ထည့်ဝင်ခွင့် ရကြမှာ ဖြစ်ပါတယ်။
လောလောဆယ် အိန္ဒိယနိုင်ငံမှာ နိုင်ငံခြား ကုန်စည် ကုမ္ပဏီကြီးတွေ ရှိနေပေမယ့် လက်လီ လုပ်ငန်းရှင်တွေကိုပဲ ရောင်းချခွင့်ပေးထားတာ ဖြစ်ပြီး အခု ဒီ အဆိုပြုချက်တွေအရ နိုင်ငံခြား ကုမ္ပဏီတွေ အနေနဲ့ ဝယ်ယူ စားသုံးသူတွေကို တိုက်ရိုက် ရောင်းချခွင့်ရသွားမှာ ဖြစ်ပါတယ်။

အစိုးရရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်တွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ မဟာမိတ် အစိုးရ အဖွဲ့ထဲမှာ ပါတဲ့ အဓိက အတိုက်အခံ အတိုက်အခံ ပါတီဖြစ်တဲ့ Trinamool Congress ပါတီက အစိုးရ အဖွဲ့ထဲကနေ နှုတ်ထွက်မယ်လို့ ပြောပါတယ်။ မနက်ဖြန်ကျရင် သူတို့ ပါတီရဲ့ ဝန်ကြီး ၆ဦး ရာထူးကနေ နှုတ်ထွက်ဖို့ စီစဉ်ထားပါတယ်။စျေးချိုချိုနဲ့ ရောင်းနိုင်တဲ့ နိုင်ငံခြား ကုမ္ပဏီကြီးတွေဆီကနေပဲ ဝယ်ယူ စားသုံးသူကြတော့မှာမို့ အသေးစား ကုန်စည် လုပ်ငန်းတွေ၊ လမ်းဘေး စျေးသည်တွေ စီးပွားပျက် အလုပ်လက်မဲ့ ဖြစ်ကုန်ကြတော့မယ်ဆိုပြီး မြို့ကြီးအတော်များများမှာ တရက်ကြာ ဆန္ဒပြဖို့ စီစဉ်ခဲ့တာပါ။

ကာလကတ္တားနဲ့ မြို့ကြီးအတော်များများမှာ ဆန္ဒပြမှုတွေကြောင့် လမ်းတွေပိတ်၊ စျေးဆိုင်တွေ ပိတ်ခဲ့ကြရပါတယ်။ဒေလီမြို့နဲ့ တခြား မြို့အတော်များများမှာတော့ ဆန္ဒပြမှုတွေ အကြီးအကျယ် လုပ်ဖို့ စီစဉ်ထားခဲ့ပေမယ့် ဆန္ဒပြမှုတွေ သိပ်မတွေ့ရပဲ ပုံမှန်အတိုင်း တွေ့ရပါတယ်။အခုလို မျှော်လင့်ထားသလောက် ဆန္ဒပြမှုတွေ သိပ်မရှိတာကြောင့် အစိုးရအနေနဲ့ သူတို့ရဲ့ အဆိုပြု ချက်တွေကို အကောင်အထည် ဖေါ် ဆောင်ရွက်နိုင်မယ့် ပုံမျိုးရှိနေတယ်လို့ ဒေလီမြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် Andrew North က ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။