BBC navigation

တရုတ်ရဲ တပ်ဖွဲ့ အကြီးအကဲ ထောင် ၁၅ နှစ်ကျ

နောက်ဆုံး ရေးသားချိန် 24 စက်တင်ဘာလ 2012 - 17:41 GMT
Ex-police chief Wan Lijun

ဝမ်လီဂျွန်းဟာ တချိန်က နာမည်ကျော် ရဲ အရာရှိကြီး ဖြစ်ခဲ့ပါတယ်။

တရုတ် နိုင်ငံရေး လောကမှာ ဟိုးလေး တကျော် ဖြစ်ခဲ့တဲ့ တရုတ် ထိပ်တန်း နိုင်ငံရေး သမား ဘိုရှီလိုင်ရဲ့ နိုင်ငံရေး အရှုပ် အရှင်း ကိစ္စမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ အကြီးအကဲ ဝမ်လီဂျွန်းကို လူသတ်မှုကို ဖုံးကွယ်ဖို့ ကြိုးစားမှု၊ ဘက်ပြောင်းဖို့ ကြိုးစားမှု တို့နဲ့ တရုတ် တရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက် ပါတယ်။

တရုတ်နိုင်ငံမှာ လူသိအများဆုံး၊ သြဇာ အရှိဆုံး ရဲတပ်ဖွဲ့ အကြီးအကဲတယောက်ဖြစ်တဲ့ ဝမ်လီဂျွန်းဟာ လူပေါင်း သန်း ၃၀လောက်နေထိုင်တဲ့ ချုံချင်း ပြည်နယ်ရဲ့ ရဲချုပ်ဖြစ်ပြီး နာမည်ကြီး လူသိများတဲ့ သူတဦး ဖြစ်ပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလတုန်းက သူဟာ အမေရိကန် ကောင်စစ်ဝန်ရုံးကို ကိုယ့်သဘောနဲ့ ကိုယ်သွားခဲ့ပြီး တရုတ် ထိပ်တန်းနိုင်ငံရေး သမား ဘိုရှီလိုင်ရဲ့ ဇနီးဖြစ်သူ ရဲ့ လူသတ်မှုအကြောင်း အသေးစိတ်ကို ဖော်ထုတ်ခဲ့ပါတယ်။

ဘိုရှီလိုင်ရဲ့ ဇနီးဖြစ်သူ ဂူခိုင်လိုင် ဟာ စီးပွားဖက် ဗြိတိသျှ စီးပွားရေး သမား Neil Heywood နဲ့ ငွေကြေးကိစ္စ အချင်းများခဲ့ကြပြီး သတ်ခဲ့တယ်ဆိုပြီး သူက စွပ်စွဲခဲ့ပါတယ်။

အဲဒီအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တဲ့ နောက်ပိုင်းမှာတော့ ဘိုရှီလိုင်ရဲ့ ဇနီးဖြစ်သူ ဂူခိုင်လိုင်ဟာ လူသတ်မှုနဲ့ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံကို ဦးဆောင်မယ့်သူဆိုပြီး အရင်က ထင်ကြေးအပေးခံရဆုံး ဘိုရှီလိုင်ကိုယ်တိုင်လည်း သြဇာအာဏာကြီးလှတဲ့ ထိပ်တန်းရာထူးကနေ ဆိုင်းငံ့ခံထားရပါတယ်။

ဝမ်လီဂျွန်းကို ဥပဒေကို လက်တလုံးကြားလုပ်မှု၊ လူသတ်မှုကို ဖုံးကွယ်ဖို့ ကြိုးစားမှု၊ အာဏာကို အလွဲသုံးစားလုပ်မှု၊ ဘက်ပြောင်းဖို့ ကြိုးစားမှုနဲ့ တရုတ်တရားရုံးက ထောင်ဒဏ် ၁၅ နှစ်ချမှတ်တာဟာ နိုင်ငံရေး အရှုပ်အရှင်းကိစ္စကို ဖော်ထုတ်ခဲ့သူ ဖြစ်တာကြောင့် သက်ညှာမှုတချို့ ပေးခဲ့တာလို့ ဆိုပါတယ်။

တရုတ်ကွန်မြူနစ်ပါတီဟာ ခေါင်းဆောင်သစ် တယောက် တင်မြှောက်ဖို့ မကြာမီ လုပ်ဆောင်တော့မှာ ဖြစ်ပြီး ဒီကိစ္စသာ မဖြစ်လာခဲ့ဘူးဆိုရင် ရာထူးအပြောင်းအလဲလုပ်ဖို့ ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်မယ်လို့ ယူဆနေကြပါတယ်။

အခုလို နိုင်ငံရေး အရှုပ်တော်ပုံကြောင့် တချိန်က နိုင်ငံရေးသြဇာကြီးခဲ့တဲ့ ဘိုရှီလိုင်တယောက် ပြစ်မှုဆိုင်ရာ ဥပဒေအရ တရားစွဲခံရတာ မခံရတာရတာ အသာထား၊ သူ့ဇနီးသည်ရဲ့ လူသတ်မှု နဲ့ သူ့လက်အောက်က ခြစားတဲ့ ရဲအကြီးအကဲ ဝမ်လီဂျွန်း ရဲ့ ပြစ်ဒဏ်တွေကို ကြည့်ရင် တရုတ်နိုင်ငံရေးလောကရဲ့ ထိပ်သီးအဆင့်တွေအကြား ခြစားမှုအကြောင်း မေးခွန်းထုတ်စရာ အများကြီးရှိတယ်လို့ ရှန်ဟိုင်းက ဘီဘီစီသတင်းထောက် John Sudworth သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။