BBC navigation

ထိုင်ဝမ် ငါးဖမ်းသင်္ဘောတွေ အငြင်းပွားကျွန်းစုဆီ သွား

နောက်ဆုံး ရေးသားချိန် 25 စက်တင်ဘာလ 2012 - 16:16 GMT
Japan Taiwan island dispute

ပင်လယ်ပြင်မှာ စီးချင်ထိုး ရေနဲ့ အပြန်အလှန် ပက်နေတဲ့ ဂျပန် နဲ့ ထိုင်ဝမ် သင်္ဘောတွေ

အရှေ့တရုတ် ပင်လယ်ထဲမှာ ရှိတဲ့ Diaoyu လို့ တရုတ်က ခေါ်ပြီး Senkaku လို့ ဂျပန်က ခေါ်တဲ့ ကျွန်းစုတွေဟာ ဂျပန်၊ တရုတ် နဲ့ ထိုင်ဝမ်တို့ အားလုံးက သူတို့ပိုင်တယ်လို့ ပြောနေကြတဲ့အတွက် အငြင်းပွားနေတဲ့ ကျွန်းစု ဖြစ်ပါတယ်။ အဲဒီ ကျွန်းစုအနီးကို အင်္ဂါနေ့ မနက်အစောပိုင်း ၇ နာရီလောက်က ထိုင်ဝမ် သင်္ဘော အစီး ၆၀ လောက် သွားရောက် ခဲ့ကြတယ်လို့ ထိုင်ဝမ် ကမ်းခြေစောင့်တပ်က ပြောပါတယ်။

အများစုကတော့ ငါးဖမ်းသင်္ဘောတွေ ဖြစ်ပြီး သူတို့နဲ့အတူ ထိုင်ဝမ် ရေကင်းတပ် သင်္ဘောတွေလည်း လိုက်ပါစောင့်ရှောက်ပေးဖို့ ဆိုပြီး ပါဝင်ခဲ့ပါတယ်။

ဒီကျွန်းစုတွေကို ဂျပန်ဘက်ကနေ နိုင်ငံပိုင် လုပ်မယ့် အပေါ် ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ သွားရောက်ကြတာ ဖြစ်တယ်လို့ ထိုင်ဝမ်ဘက်က ပြောပါတယ်။ ဒီကျွန်းစုတွေကို ဂျပန်က အုပ်ချုပ်တာ ဖြစ်ပေမယ့် ပိုင်ဆိုင်မှုကတော့ ပုဂ္ဂလိကပိုင်းက ပိုင်ခဲ့တာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ဂျပန်အစိုးရက ဝယ်ယူလိုက်တဲ့အပေါ် တရုတ်နိုင်ငံ တလွှား မကျေမနပ် ဆန္ဒပြမှုတွေ ဖြစ်ခဲ့သလို အခုနောက်ဆုံး ထိုင်ဝမ်ကလည်း သူတို့ပိုင်တယ်ဆိုပြီး ငါးဖမ်းသင်္ဘောတွေနဲ့ သွားရောက်ပြီး ကန့်ကွက်မှုကို ပြသခဲ့ပါတယ်။

သင်္ဘောတွေပေါ်မှာ ထိုင်ဝမ် ငါးဖမ်းသမား ၃၀၀ လောက် ပါဝင်ပြီး ဒီကျွန်းစုတွေမှာ သူတို့ ဆွေစဉ်မျိုးဆက် ငါးဖမ်းလာတာ ရာစုနှစ်တွေ ချီနေပြီး ဒါဟာ သူတို့ ဘိုးဘွားပိုင် နယ်မြေဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဂျပန်ဘက်က ထိုင်ဝမ်သင်္ဘောတွေဟာ ဂျပန်ပိုင်နက်ထဲကို ရောက်လာတယ်ဆိုပြီး ဂျပန်ရေတပ်သင်္ဘောတွေပေါ်ကနေ ရေပိုက်တွေနဲ့ ပက်ပြီး သတိပေးခဲ့သလို ထိုင်ဝမ် ရေတပ်ကလည်း ရေပိုက်နဲ့ ပြန်ပက်ဖြန်းခဲ့ပါတယ်။

နာရီအနည်းငယ်အကြာမှာတော့ ထိုင်ဝမ်သင်္ဘောတွေလည်း နောက်ဆုတ် လှည့်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ထပ်လာဦးမယ်လို့ ထိုင်ဝမ် ကမ်းခြေစောင့်တပ်က ဆိုပါတယ်။

ဒီနေ့မှာပဲ အငြင်းပွားဖွယ် ကျွန်းစု ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဆိုပြီး တရုတ်နဲ့ ဂျပန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဘေဂျင်းမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ သတင်းနှစ်ပတ်ကြာ တင်းမာမှုတွေအတွင်း နှစ်နိုင်ငံ အဆင့်မြင့်ဆုံး ကိုယ်စားလှယ်တွေ တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။

နှစ်ဘက် အရာရှိတွေ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပေမယ့် နှစ်ဘက်စလုံးက ဒီကျွန်းစုတွေအရေးမှာ နောက်ပြန်ဆုတ်ကြမယ့် အရိပ်အယောင်တော့ မတွေ့ရပါဘူး။ ဒါပေမယ့် ထပ်မံ တွေ့ဆုံ ဆွေးနွေးကြဖို့ကိုတော့ သဘောတူခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။