BBC navigation

ဆီးရီးယား စစ်ဌာနချုပ် တိုက်ခိုက်ခံရ

နောက်ဆုံး ရေးသားချိန် 26 စက်တင်ဘာလ 2012 - 15:56 GMT

စစ်ဌာနချုပ်ထဲ သူပုန်တွေ အတင်းဝင်စီးဖို့ ကြိုးစားတဲ့အတွက် ပစ်ခတ်မှုတွေ ရှိခဲ့

ဆီးရီးယားနိုင်ငံ ဒမာ့စကပ်စ်မြို့က လုံခြုံရေး ထူထူထပ်ထပ် ချထားတဲ့ စစ်ဌာနချုပ်တခုကို သူပုန်တွေ တိုက်ခိုက်ခဲ့တဲ့အတွက် အကြီးအကျယ် ထိခိုက်ပျက်စီးသွားပါတယ်။

ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ရာမှာ တလုံးက စစ်ဌာနချုပ် ပရဝဏ် အတွင်းမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး ဌာနချုပ် အဆောက်အအုံ မီးစွဲလောင်ခဲ့ပါတယ်။

အဆောက်အအုံထဲ သူပုန်တွေ အတင်းဝင်စီးဖို့ ကြိုးစားခဲ့ရာမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်အရာရှိ တဦးတလေမှ သေဆုံးတာမျိုး မရှိပေမယ့် အဆောက်အအုံ စောင့်တဲ့ အစောင့် တချို့တော့ ဒဏ်ရာရသွားတယ်လို့ ဆီးရီးယား အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

အစိုးရ ဆန့်ကျင်တဲ့ လှုပ်ရှား တက်ကြွသူတွေကတော့ နှစ်ဘက်စလုံးမှာ အသေအပျောက်တွေ ရှိတယ်လို့ ပြောပါတယ်။

အီရန်နိုင်ငံရဲ့ Press TV ရုပ်မြင်သံကြား ဌာနကတော့ တိုက်ခိုက်မှုတွေအတွင်း သူတို့ရဲ့ သတင်းထောက် မာယာ နက်ဆာ လက်ဖြောင့် သေနတ်သမားတဦးရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ကြောင်းနဲ့ Press TV နဲ့ AL Alam ဗြူရို အကြီးအကဲ ဟူစိန် မောတက်ဇာလည်း ဒဏ်ရာရခဲ့ကြောင်း ထုတ်ဖေါ် ကြေညာသွားပါတယ်။

အခုအခါ အဲဒီ တိုက်ခိုက်သူတွေကို အမြစ်ဖြုတ် ချေမှုန်းဖို့ ဆီးရီးယား လုံခြုံရေး တပ်ဖွဲ့တွေက တအိမ်ဝင် တအိမ်ထွက် လိုက်ရှာနေတယ်လို့ သံတမန်တွေက ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။