BBC navigation

ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှု ထိန်းသိမ်းနိုင်ဖို့ လုံခြုံရေးတိုးချ

နောက်ဆုံး ရေးသားချိန် 1 အောက်တိုဘာလ 2012 - 16:10 GMT

ရာမူးက ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ

ဘင်္ဂလာဒေ့ရှ် အစိုးရက တည်ငြိမ်မူတွေ ရရှိအောင် လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်မူတွေ ဖြစ်ပေါ်ခဲ့တဲ့ နေရာတွေမှာ အကြီးအကျယ်ချပြီး ထိန်းသိမ်းမူတွေ ပြုလုပ် နေပါတယ်။

ဒါပေမယ့် ဗုဒ္ဓဘာသာဝင် အများစုကတော့ စိုးရိမ်မူတွေ ဆက်လက် ရှိနေကြဆဲ ဖြစ်ပါတယ်။

အခုအချိန်ထိတော့ လူပေါင်း ၁၆၆ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီ စစ်တကောင်း ပိုတီယာဒေသ မှာလည်း ဘုန်းကြီးကျောင်းတွေ တိုက်ခိုက်ခဲ့တဲ့ အတွက် လူပေါင်း ၆၀၀ ကို တရားစွဲဆိုထားပါတယ်။

ကောစ်ဘဇား၊ စစ်တကောင်း၊ ရာမူးနဲ့ အိုကီးယား စတဲ့ နေရာ လေးခုမှာလည်း အခုအခါ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီး၊ ဒီဖြစ်ရပ်မှာ ဒေသခံနဲ့ နိုင်ငံရပ်ခြားက စစ်သွေးကြွအဖွဲ့တွေနဲ့ အစွန်းရောက်အဖွဲ့တွေ ပါဝင်ပတ်သက်ကောင်း ပတ်သက်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ရဲတွေ အပါအဝင် ဘီဂျီပီခေါ်တဲ့ နယ်ခြား စောင့်တပ်ဖွဲ့တွေကို ဗုဒ္ဓဘာသာ ရွာတွေ ဖြစ်တဲ့ ခြံချောင်း၊ ဝါးခွပ်ချောင်း၊ မြစ်နားရွာ၊ ကယုချောင်း (တက်ကနက်)တို့မှာ ချထားပါတယ်။

အခြေအနေကတော့ စိတ်ချရတဲ့ အနေအထားမှာ မရှိသေးသလို ဈေးသွားလို့ မရ၊ ကလေးတွေ ကျောင်းသွားလို့ မရ ဖြစ်နေသေးတယ်လို့ ဝါးခွပ်ချောင်းရွားသားတဦးက ပြောပါတယ်။

အဓိက စတင် ပြဿနာ ဖြစ်ပွားခဲ့တဲ့ ရာမူး မြန်မာလို ပန်းဝါမြို့မှာ အခြေအနေတွေ အေးဆေး ရှိပေမယ့် ရာမူး အနီးက ဟာစာရီကော့၊ ကူဘဇာတို့မှာတော့ နည်းနည်းဆူဆူပူပူ ဖြစ်နေပြီး၊ ဗုဒ္ဓဘာသာဝင်တွေက စိုးရိမ်နေကြဆဲလို့ မာရမာကြီး ဒေသခံ တစ်ဦး က ပြောပါတယ်။

ဒီကနေ့မှာ ဆန် ပဲစတဲ့ ရိက္ခာတွေ တချို့ကို ကူညီပေးသလို နေရာ တော်တော်များတော့ စစ်တပ်၊ နယ်ခြားစောင့်တပ် ဘီဂျီပီ၊ ရဲနဲ့ ရက်လို့ ခေါ်တဲ့ အထူး မူခင်း နှိမ်နှင်းရေး တပ်ဖွဲ့တွေကို ချထားတယ်လို့ ဆိုပါတယ်။

ကုရ်အမ်ကျမ်းစာကို မီးရှို့တဲ့ပုံ ဖေ့ဘွတ်မှာ ဗုဒ္ဓဘာသာလူငယ်က တင်ထားတယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့အခုလို တိုက်ခိုက်မှုတွေ စနေနေ့ကဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

လူဦးရေ သန်း၁၅၀ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်မှာဗုဒ္ဓဘာသာဝင်ပေါင်း လူအားလုံးရဲ့ ၁ ရာခိုင်နှုန်းဘဲရှိပါတယ်။


အခုဖြစ်ပွားနေတာနဲ့ပတ်သက်လို့ မြန်မာနယ်စပ်ဘက်မှာ နစက ကပုံမှန်လုံခြုံရေးယူထားပြီး အခြေအနေ ဘာမှထူးခြားမှုမရှိဘူးလို့ ရခိုင်ပြည်နယ်အစိုးရသတင်းတာဝန်ခံက ဘီဘီစီကိုပြောပါတယ်။

စနေနေ့ ညနေက စပြီး ရာမူးမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မူ ဟာ နောက်ထပ် နေရာ လေးခုထိ ပြန့်နှံ့သွားပြီး အခုချိန်ထိ တော့ ဘုန်းတော်ကြီးကျောင်း ၂၀ ခန့်နဲ့ အိမ်ပေါင်း ၅၀ ဖျက်ဆီး ခံခဲ့ရပြီ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။