BBC navigation

ဂျော်ဂျီရာ ရွေးကောက်ပွဲ အတိုက်အခံ အနိုင်ရ

နောက်ဆုံး ရေးသားချိန် 2 အောက်တိုဘာလ 2012 - 17:13 GMT
Mikheil Saakashvili

လက်ရှိသမ္မတ Mikheil Saakashvili ဟာ ၂၀၀၃ ခုနှစ် ကတည်းက တိုင်းပြည်ကို ဦးဆောင်နေတာ ဖြစ်ပါတယ်

ဂျော်ဂျီရာ သမ္မတ Mikheil Saakashvili က ပါလီမန် ရွေးကောက်ပွဲမှာ သူ့ပါတီ အရေးနိမ့် ခဲ့ပြီ ဆိုတာကို ဝန်ခံ ပြောကြား လိုက်ပြီ ဖြစ်ပါတယ်။

Bidzina Ivanishvili ဦးဆောင်တဲ့ အတိုက်အခံ ဂျော်ဂျီရာ Dream ပါတီ က ပါလီမန် အမတ်နေရာ အများစုနဲ့ အနိုင်ရသွားပြီ ဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်သွားပြီလို့ မစ္စတာ Saakashvili က ပြောပါတယ်။

အစိုးရသစ် ဖွဲ့စည်းရေး၊ ပါလီမန် ဥက္ကဌ ရွေးချယ်ရေးတွေကို အခြေခံ ဥပဒေအတိုင်း အကူအညီ ပေးသွားမယ်လို့လည်း သမ္မတက ရုပ်သံကနေ ပြောကြားသွားပါတယ်။

ဂျော်ဂျီရာ အိပ်မက်လို့ ခေါ်ဆိုနိုင်မယ့် ဂျော်ဂျီရာ Dream ပါတီကို ဦးဆောင်သူ မစ္စတာ Ivanishvili ဟာ နိုင်ငံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး၊ သူ့ပါတီ ကနေ ပါလီမန်မှာ အမတ် နေရာ ၁၅၀ ရှိတဲ့ အနက် အမတ်နေရာ ၇၇ နေရာနဲ့ အနိုင် ရရှိခဲ့တာပါ။

ဆိုဗီယက်ပြည်ထောင်စု ကာလ နောက်ပိုင်း ဂျောဂျီရာ နိုင်ငံမှာ ၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ Rose Revolution နှင်းဆီ တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ Mikheil Saakashvili ဟာ ၂၀၀၄ ခုနှစ်မှာ သမ္မတ အဖြစ် ရွေးကောက်ခံခဲ့ရပြီး၊ သမ္မတ သက်တန်း ၂ ကြိမ် ဆက်တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်ကာလက တဘက်နဲ့ တဘက် အပြန်အလှန် စွပ်စွဲချက်တွေနဲ့ အတော်လေး အရုပ်ဆိုးခဲ့တာ ကြောင့် မဲရလဒ် ထွက်လာချိန်မှာ အငြင်းပွားမှုတွေ ရှိနိုင်တယ်ဆိုပြီး တွက်ဆခဲ့ကြတာပါ။

ဒါပေမယ့် အခုလို လက်ရှိ သမ္မတက သူရှုံးကြောင်း ကြေညာခဲ့တာဟာ အေးအေး ဆေးဆေး အာဏာ အလွှဲ အပြောင်း ဖြစ်မယ့် သဘောလို့ ရှုမြင်ရပါတယ်။

သမ္မတ Mikheil Saakashvili ဟာ ရှေ့နှစ် သူ့သက်တန်း ကုန်သည် အထိ အာဏာ ဆက်ရှိ နေဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။