BBC navigation

သမ္မတ အိုဘားမားကို တရုတ်ကုမ္ပဏီ တရားစွဲ

နောက်ဆုံး ရေးသားချိန် 3 အောက်တိုဘာလ 2012 - 18:02 GMT
Liang Wengen

Liang Wengen ဟာ Ralls ကော်ပိုရေးရှင်း ကို ပိုင်ဆိုင်သူ တဦး ဖြစ်ပါတယ်

အမေရိကန် ရေတပ် စခန်း အနီးမှာ လေရဟတ်တွေ ဝယ်ယူမယ့် တရုတ် ကုမ္ပဏီ တခုရဲ့ အစီအစဉ်ကို တားမြစ်ခဲ့တဲ့ အတွက် သမ္မတ အိုဘားမားကို အဲဒီကုမ္ပဏီက တရားစွဲဆို လိုက်ပါတယ်။

ဒီအငြင်းပွားမှုက တရုတ် ကုမ္ပဏီရဲ့ လုပ်ငန်းဟာ အမေရိကန် အမျိုးသား လုံခြုံရေးကို ထိခိုက်စေတာ ဟုတ်မဟုတ် ဆိုတဲ့ အပေါ် အခြေခံ ပါတယ်။

Ralls ကော်ပိုရေးရှင်းလို့ ခေါ်တဲ့ တရုတ် ကုမ္ပဏီက အိုရီဂွန် ပြည်နယ်မှာ ရှိတဲ့ ရေတပ် စခန်း အနီးမှာ လေရဟတ် လေးခုကို ခုနှစ် စောစောပိုင်းက ဝယ်ယူ ခဲ့တာကို သမ္မတ အိုဘားမားက ပြီးခဲ့တဲ့ အပတ်မှာ တား မြစ်လွှာ တခု လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ ၂၂ နှစ် ကာလ အတွင်း နိုင်ငံခြား ကုမ္ပဏီတခုကို အမေရိကန် ပြည်ထောင်စုမှာ ပထမဆုံး အကြိမ် တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ သမ္မတ အိုးဘားမားဟာ သူ့လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး ဆောင်ရွက်တာဖြစ်လို့ ဒီတားမြစ်ချက်ဟာ တရားမဝင်ဘူး ဆိုပြီး တနင်္လာနေ့ တုန်းက တရား စွဲဆိုချက်မှာ တရုတ် ကုမ္ပဏီဖက်က ပြောထား ပါတယ်။

ကုမ္ပဏီကိုပိုင်တဲ့ တရုတ်နိုင်ငံသား နှစ်ဦးက အိုဘားမားဟာ သူတို့ ကုမ္ပဏီကို တန်းတူ အခွင့်အရေး မပေးဘူးလို့ဆိုနေ တာပါ။

ပြီးတော့ ဒီဝယ်ယူမှုဟာ အမေရိကန် လုံခြုံရေးကို ထိခိုက်တယ် ဆိုတာကို သက်သေ မပြနိုင်ဘူးလို့လည်း သူတို့က ပြောပါတယ်။ အမေရိကန် စစ်တပ်ကတော့ အိုရီဂွန် အခြေစိုက် စခန်းဟာ မောင်းသူမဲ့ လေယာဉ်တွေ အပါအဝင် အီလက်ထရောနစ် နည်းပညာသုံး စစ်လက်နက်တွေကို စမ်းသပ်တဲ့ နေရာ ဖြစ်တယ်လို့ ဆိုပါတယ်။

တနာရီကိုမိုင် ၃၀၀ အမြန်နှုန်းနဲ့ ပေ ၂၀၀ လောက် အမြင့် အထိ လေယာဉ် ပျံသန်းမှုတွေလည်း ရှိပါတယ်တဲ့။ တရုတ် ကုမ္ပဏီပိုင် ရှင်နှစ်ဦးဟာ တရုတ်နိုင်ငံမှာ အကြီးဆုံး စက်ပစ္စည်း လုပ်ငန်းဖြစ်တဲ့ Sany ကော်ပိုရေးရှင်းရဲ့ အမှုဆောင် ဒါရိုက်တာတွေလည်း ဖြစ်ကြပါတယ်။

တရုတ်အစိုးရပိုင် ရှင်ဝှာ သတင်းဌာနကတော့ သမ္မတ အိုဘားမားဟာ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ သာမန် အလုပ်သမားတွေ ဆီက မဲရအောင် တရုတ်ကုမ္ပဏီကို နှိမ်လိုက်တာ ဆိုပြီး ဖော်ပြပါတယ်။

Ralls ကော်ပိုရေးရှင်းရဲ့ပြောခွင့်ရသူ ကလည်း သမ္မတ အိုဘားမားဟာ အမေရိကန်မှာ လေရဟတ်နဲ့ လျှပ်စစ်ထုတ်တဲ့ လုပ်ငန်းတွေကို ကာကွယ်ပေးဖို့ ဆောင်ရွက်တာသာ ပိုဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။

သမ္မတအိမ်ဖြူတော် ကတော့ Ralls ကော်ပိုရေးရှင်းရဲ့ လုပ်ငန်းဟာ အမေရိကန် နိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက် စေနိုင်တယ် ဆိုတာကို ယုံကြည် ရလောက်တဲ့ အထောက် အထားတွေ တွေ့ရတယ် ဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ်က သတင်း ထုတ်ပြန်ခဲ့ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။