BBC navigation

ကင်ညာနိုင်ငံသား ၃ယောက်က ဗြိတိသျှအစိုးရကို တရားစွဲ

နောက်ဆုံး ရေးသားချိန် 5 အောက်တိုဘာလ 2012 - 16:56 GMT
တော်လှန်ရေးတပ်သားတွေ အညှင်းဆဲခံရတာလို့ တရားစွဲ

တော်လှန်ရေးတပ်သားတွေ အညှင်းဆဲခံရတာလို့ တရားစွဲ

ဒီအမှုက လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က ဖြစ်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ဗြိတိသျှကိုလိုနီစနစ်ကို တော်လှန်ပုန်ကန်ခဲ့တဲ့ လှုပ်ရှားမှု ဖြစ်တဲ့ မောင်မောင် (Mau Mau)တော်လှန်ရေးတပ်မှာ ပါဝင်ခဲ့သူ ကင်ညာ နိုင်ငံသား ၃ဦးက သူတို့ဟာ ဗြိတိသျှ ကိုလိုနီစစ်တပ်ရဲ့ ညှင်းပမ်း နှိပ်စက်ခဲ့မှုကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်ဆိုပြီး တရားစွဲပါတယ်။ ကင်ညာ ၃ ဦးဟာ ဇွန်လိုင်လ တုန်းက ပဲ ဒီအမှုနဲ့ ပတ်သက်ပြီး သက်သေ ထွက်ဆိုခဲ့ကြပါတယ်။

ကင်ညာနိုင်ငံအတွင်း မောင်မောင် တော်လှန်ရေးကာလတုန်းက ဗြိတိသျှကိုလိုနီစစ်တပ်ဟာ ညှင်းပန်း နှိပ်စက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ပထမဦးဆုံးအကြိမ် ရင်ဆိုင်ရတာပါ။

ဗြိတိန်တရားရုံးချုပ်ရဲ့ တရားသူကြီး မစ္စတာ Justic Richard McCombe က ဒီအမှုနဲ့ပတ်သက်ပြီး စာရွက်စာတမ်းတွေ အမြောက်အမြားရှိတဲ့အပြင် ဗြိတိသျှစစ်တပ်ကလည်း မှတ်တမ်းတင်တဲ့နေရာမှာ စေ့စပ်သေချာတဲ့ အတွက် အခုအမှုကို ဆက်ပြီး စစ်ဆေးသွားမယ်လို့ ဆုံးဖြစ်ချက်ချခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ပွားမှုဟာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သလို အဲဒီ ကာလမှာ တာဝန်ထမ်းဆောင်ခဲ့တဲ အဓိကဝန်ထမ်းတွေ သက်ရှိထင်ရှား မရှိတော့တာကြောင့် ဒီအမှုကို မျှမျှတတဖြစ်အောင် တရားစီရင်ဖို့ဆိုတာ ခက်ခဲတယ်လို့ ဗြိတိန်အစိုးရက ဒီဆုံးဖြစ်ချက်နဲ့ ပတ်သက်ပြီး တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

အခုလို တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး တရားလို ရှေ့နေတဦးကတော့ ကင်ညာမှာ သူရဲ့အမှုသည်လိုပဲ ဗြိတိသျှကိုလိုနီစစ်တပ်ရဲ့ ညှင်းပမ်းနှိပ်စက်တာ ခံရသူတွေရှိနေပြီး အခုလို ဆုံးဖြစ်ချက်ကြောင့် သူတို့တွေလည်း အကျိုးခံစားခွင့်ရှိလာနိုင်ပါတယ်လို့ ပြောကြား သွားပါတယ်။ ဒီအမှုပြီးဖို့ တနှစ်လောက် အချိန်ယူသွားနိုင်တယ်လို့ သိရပါတယ်။ ဒီအမှုဟာ ဘယ်လို အဖြစ်ထွက်လာနိုင်သလဲဆိုတာကတော့ မပြောနိုင်သေးပါဘူး။ တရားရုံးပြင်ပမှာ ညှိနှိုင်းနိုင်တာ တခုကတော့ ဒီကင်ညာနိုင်ငံသား ၃ ဦးအတွက် ဗြိတိန်အစိုးရ အထောက်အပံပေးပြီး စောင့်ရှောက်ထားတာက ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းချက်တခု ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။