BBC navigation

မွတ်ဆလင် ဘာသာရေးဆရာ ဟမ်ဇာကို အမေရိကန်မှာ တရားစီရင်

နောက်ဆုံး ရေးသားချိန် 6 အောက်တိုဘာလ 2012 - 16:13 GMT
Abu Hamza

မစ္စတာ ဟမ်ဇာကို ဓားစာခံတွေ ဖမ်းဆီးထားမှု၊ အမေရိကန်မှာ စစ်သွေးကြွ စခန်း ဖွင့်ရေး ကြံစည်မှုနဲ့ အမေရိကန်က အလိုရှိ

ဗြိတိန် ကနေ လွှဲပြောင်း ပေးလိုက်တဲ့ အစွန်းရောက် မွတ်စလင် ဘာသာရေး ဆရာ အဘူ ဟမ်ဇာနဲ့ အပေါင်းပါ ၄ ဦးကို အမေရိကန် တရားရုံးတွေမှာ ရုံးထုတ်မှာ ဖြစ်ပါတယ်။

အစွန်းရောက် မွတ်ဆလင် ဘာသာရေး ဆရာ အဘူဟမ်ဇာ ကို အမေရိကန် က စွပ်စွဲချက် ၁၁ ခု နဲ့ အလိုရှိ နေတာ ဖြစ်ပါတယ်။ အဲဒီ အမှုတွေ ထဲ ၁၉၉၈ ခုနှစ် က လူ ၄ ဦး လောက် အသတ်ခံခဲ့ ရတဲ့ ယီမင်က ဓားစာခံ ပြန်ပေးဆွဲမှု အပါအဝင် တခြား ပြန်ပေးဆွဲမှုတွေ၊ နောက်တခါ အမေရိကန် ပြည်ထောင်စု အနောက်တောင်ပိုင်း အော်ရီဂွန် ပြည်နယ်က လူသူဝေး တဲ့ အရပ်တခုမှာ အကြမ်းဖက် ဝါဒနဲ့ ပတ်သက်တဲ့ သင်တန်းကျောင်း ဖွင့်ဖို့ ကြံစည်တဲ့ ကိစ္စတွေလည်း ပါပါတယ်။

နောက်ပြီး အာဖဂန်နစ္စတန် က အကြမ်းဖက် အဖွဲ့ အစည်းတွေ နဲ့ တာလီဘန်တွေ ကို ထောက်ပံ့ ကူညီရေးတွေ နဲ့ ပတ်သက်ပြီး တော့လည်း အမှု စွဲထား ပါတယ်။ အော်ရီဂွန် ပြည်နယ် က သင်တန်းကျောင်း အမှုနဲ့ ပတ်သက်ပြီး အဘူဟမ်ဇာနဲ့ အမှုတွဲ ကတော့ ဟာရွန် အက်စဝက်ပါ။

နောက်ထပ် စွပ်စွဲ ခံထားတဲ့သူ ၂ ဦး ဖြစ်တဲ့ ဘာဘာ အာမက် နဲ့ တယ်လာ အာဆန် ကတော့ azzam.com လို့ခေါ်တဲ့ ဂျီဟတ် ဝါဒ ထောက်ခံ ဖို့ လှုံဆော်တဲ့ ဝက်ဆိုဒ် တခု ကို တည်ထောင် ခဲ့တဲ့ အမှု အပါအဝင် အမေရိကန် ရေတပ်ရဲ့ အစီ အစဉ်တွေကို လက်ခံ ရယူခဲ့ပြီး လူတွေကို သတ်ဖြတ်မှုတွေမှာ ပါဝင် ပတ်သက် ကူညီတဲ့ သူတွေလို့ စွပ်စွဲ ခံထားရ ပါတယ်။

သူတို့ လုပ်ခဲ့တဲ့ azzam.com ဝက်ဆိုဒ် ကနေ လူမျိုးရေး မုန်းတီးအောင် လုပ်မှုတွေ၊ အကြမ်းဖက် တိုက်ခိုက်ဖို့ လှုံ့ဆော် တာတွေ လုပ်ခဲ့တဲ့ အတွက် ဘော့စနီယား၊ ချေချင်းညာ နဲ့ အာဖဂန် နစ္စတန်က အကြမ်းဖက် သမားတွေကို အားပေးတဲ့ လုပ်ရပ် ဖြစ်စေခဲ့တယ် လို့ အမေရိကန် ဘက်က ပြောပါတယ်။

အဲဒီ ဝက်ဆိုဒ် ကို နည်းပညာ အရ ထောက်ပံ့ ပေးနေတာ က အမေရိကန် ကွန်တက်နီကပ်စ် ပြည်နယ်မှာ အခြေစိုက်ထားတဲ့ ကုမ္ပဏီ တခုက ဖြစ်တယ်လို့လည်း အမေရိကန် ဘက်က စွပ်စွဲ ထားပါတယ်။

နောက်ထပ် ၂ ဦး ဖြစ်တဲ့ ဆော်ဒီအာရေဗီးယား နိုင်ငံဖွား အက်ဒဲလ် အဗ္ဗူ ဘာရီ နဲ့ ခါလက် အယ် ဖော်ဝပ်ဇ် ကတော့ ဘင်လာဒင်ကို အကူ အညီ ပေးခဲ့မှု တွေနဲ့ ပတ်သက်ပြီး စွဲထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။