BBC navigation

ပြင်သစ်အကြမ်းဖက် စစ်ဆင်ရေးမှာ လူတဦးသေဆုံး

နောက်ဆုံး ရေးသားချိန် 7 အောက်တိုဘာလ 2012 - 01:42 GMT
france_shootout

စထရားစ်ဘတ်ခ်မြို့က ပြင်သစ်ရဲတပ်ဖွဲ့ဝင်များ

ပြင်သစ် နိုင်ငံက စထရားစ်ဘတ်ခ် မြို့မှာ အကြမ်းဖက် တိုက်ဖျက်ရေး စစ်ဆင်ရေး ပြုလုပ်စဉ် အတွင်းမှာ ပြင်သစ်ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လူတယောက် သေဆုံးသွား ခဲ့ပါတယ်။

အဲဒီသေဆုံးသွားသူကို ဂျယ်ရမီဆစ်ဒနီ လို့ခေါ်ပြီး အရင်က မူးယစ်ဆေးဝါး ရောင်းဝယ်သူ တဦးဖြစ်ပြီး နောက်ပိုင်းမှာ အစွန်းရောက် အစ္စလာမ် ဘက်ကို ကူးပြောင်းသွားခဲ့တာ ဖြစ်တယ်လို့ အစိုးရဘက်က ရှေ့နေက ပြောပါတယ်။

အစိုးရဲ့ တရားလို ရှေ့နေက ပြောကြား သွားရာမှာ ဂျယ်ရမီ ဆစ်ဒနီကို ၂၀၁၂ နွေဦးရာသီထဲက ပြင်သစ် ထောက်လှမ်းရေး ဌာနက စောင့်ကြည့် နေခဲ့တဲ့ အကြောင်း၊ အစက ပြစ်မှု ငယ်တွေလောက် ကျူးလွန်တဲ့ ဆိုးသွမ်းသူ တယောက် အဖြစ်ကနေ နောက်ပိုင်းမှာ အစွန်းရောက် အစ္စလာမ်ထဲ သွတ်သွင်း ခံခဲ့ရတာ ဖြစ်ပြီး ဂျီဟဒ် ဘာသာရေး စစ်ပွဲမှာ ပါဝင်ဖို့ အားသန်နေတဲ့ မသင်္ကာတဲ့ အဖွဲ့တဖွဲ့မှာ ပါဝင်နေတဲ့ အကြောင်း ကို ပြောပြ သွားပါတယ်။

ဒီ စစ်ဆင်ရေး ကတော့ မွတ်စလင် အစွမ်းရောက် တွေရဲ့ ကွန်ယက် ရှိနေတယ်လို့ သံသယ ရှိတဲ့ အတွက်ဒါကို ခြေမှုန်းနိုင်ဖို့ အတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ် ခဲ့တာ ဖြစ်ပြီး အလားတူ စစ်ဆင်ရေး တွေကို နိစ်၊ ကဲန်း နဲ့ ပါရီ မြို့တွေမှာလည်း ပြုလုပ်ခဲ့ပါတယ်။

ဒီစစ်ဆင်ရေး တွေအတွင်း လူ ၇ ယောက်ကိုလည်း ဖမ်းဆီး ခဲ့ပါတယ်။

ပါရီ မြို့မှာတော့ ပြီးခဲ့တဲ့ လက ဂျူးလူမျိုးပိုင် ကုန်စုံဆိုင် ကို ဗုံးခွဲတိုက်ခိုက် ခဲ့တဲ့ ကိစ္စအတွက် အဓိကထားလို့ စုံစမ်းစစ်ဆေး ခဲ့ကြတာ ဖြစ်တယ်လို့ အဲဒီက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလောန်းက ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာတော့ ပြင်သစ် နိုင်ငံသား အားလုံးကို အကြမ်းဖက် သမားတွေရဲ့ အန္တရာယ် တွေကနေ ကာကွယ်ပေးသွားဖို့ သံန္နိဋ္ဌာန် ချထားတယ်လို့ ဆိုထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။