BBC navigation

ဖိလစ်ပိုင် မော်ရိုသူပုန်နဲ့ အစိုးရ၊ ငြိမ်းချမ်းရေး ရပြီ

နောက်ဆုံး ရေးသားချိန် 7 အောက်တိုဘာလ 2012 - 15:55 GMT
Moro rebel

ဒီသဘောတူညီမှုဟာ ငြိမ်းချမ်းရေး ခိုင်မာစေဖို့ အတွက် နောက်ဆုံး နည်းလမ်း ဖြစ်ပါတယ်

ဖိလစ်ပိုင် နိုင်ငံက အင်အား အကြီးဆုံး မွတ်စလင် သူပုန်အဖွဲ့ ဖြစ်တဲ့ မော်ရို အစ္စလာမ် လွတ်မြောက်ရေး တပ်ဦး MILF အဖွဲ့နဲ့ ဖိလစ်ပိုင် အစိုးရ အကြား၊ ငြိမ်းချမ်းရေး သဘာတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။

သဘောတူညီချက် အရ နိုင်ငံ တောင်ပိုင်းမှာ ဘန်ဆာမော်ရို လို့ခေါ်တဲ့ မွတ်စလင် ဒေသသစ် တခုကို ဖန်တီး ပေးမှာ ဖြစ်ပြီး၊ အဲဒီမှာ မွတ်စလင်တွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် တစိတ် တပိုင်း ပေးထားမှာ ဖြစ်ပါတယ်။

မန်ဒန်နာအို ကျွန်း ငြိမ်းချမ်းရေး ခိုင်မာစေဖို့ အတွက် နောက်ဆုံး နည်းလမ်း အနေနဲ့ အခုလို သဘောတူညီမှု ရယူလိုက်တာ ဖြစ်ကြောင်း၊ ဒီအတွက် MILF ခွဲထွက်ရေး သူပုန်တွေ အနေနဲ့ ပြည်နယ် ခွဲထွက်ရေးကို ထပ်မံ လုပ်ဆောင်တော့မှာ မဟုတ်ဘူး ဆိုပြီး သမ္မတ ဘန်နီနို အာကွီနိုက ကြေညာ သွားပါတယ်။

နောက်ပြီး ဒီငြိမ်းချမ်းရေး အစီအစဉ်မှာ ခွဲထွက်ရေး သူပုန် အဖွဲ့ အားလုံး ပါဝင်မှာ ဖြစ်တယ် လို့လည်း သူက အလေးအနက် ပြောကြား ပါတယ်။

နှစ်ပေါင်း ၄၀ ကျော်ကြာ အချိန်ကာလ အတွင်း လူပေါင်း ၁ သိန်း ၂ သောင်း ကျော် သေဆုံးခဲ့ ရတဲ့ ပြည်တွင်းစစ်လည်း အဆုံးသတ် သွားပြီ ဖြစ်ပါတယ်။

MILF သူပုန် အဖွဲ့ ကတော့ အခုလို သဘာတူညီမှု ရတဲ့ အပေါ် အလွန်တရာမှ ကျေနပ် အားရမှု ရှိတယ်လို့ ပြောပါတယ်။

ဒါပေမယ်လို့ အခု ပြုလုပ်ပေးမယ့် မွတ်စလင် ဒေသသစ်ကို အကျယ် အဝန်းအားဖြင့် ဘယ်လောက် သတ်မှတ် မလဲ ဆိုတာ ကတော့ ရှင်းရှင်း လင်းလင်း မရှိသေးပါဘူး။

နယ်မြေ အကျယ် သတ်မှတ် ရာမှာတော့ လူများစု ဖြစ်တဲ့ ကက်သလစ် ခရစ်ယာန် ဘာသာဝင်တွေရဲ့ သဘောတူညီမှု ရယူဖို့ အတွက် နိုင်ငံတဝန်း ပြည်သူ့ ဆန္ဒ ခံယူပွဲ ကျင်းပ ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။