BBC navigation

ဗင်နီဇွဲလားသမ္မတ အဖြစ် ဟူဂို ရှာဗက်ဇ် ပြန်အရွေးခံရ

နောက်ဆုံး ရေးသားချိန် 8 အောက်တိုဘာလ 2012 - 16:27 GMT

ဗင်နီဇွဲလားသမ္မတအဖြစ် ပြန်အရွေးခံရတဲ့ ဟူဂိုရှာဗက်ဇ်

ဗင်နီဇွဲလားနိုင်ငံ သမ္မတ ဟူဂို ရှာဗက်ဇ်က စတုတ္ထအကြိမ်မြောက် သမ္မတသက်တမ်း အတွက် အရွေးခံလိုက်ရပါပြီ။

ဗင်နီဇွဲလားရဲ့ လက်ရှိသမ္မတ ဟူဂို ရှာ ဗက်ဇ်ဟာ ပြိုင်ဘက် သမ္မတလောင်း ဟန်းနရစ် ကတ်ပရေးစ်ကို စုစုပေါင်း မဲအရေအတွက်ရဲ့ ၅၄ ရာခိုင်နှုန်းရပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ရှာဗက်ဇ်က ဗင်နီဇွဲလား လွတ်လပ်ရေးသူရဲကောင်း ဆီမွန် ဘိုလီဗာ ကိုင်ဆောင်ခဲ့တဲ့ ဓားပုံတူကို ဝှေ့ရမ်းပြီး ဗင်နီဇွဲလားဟာ ဒီမိုကရက်တစ် ဆိုရှယ်လစ်ဝါဒကို ဆက်လက်ချီတက်မယ်လို့ ပြောပါတယ်။

နောက်ပြီး သူဟာ အတိုက်အခံတွေနဲ့ လက်တွဲဆောင်ရွက်လို့ ပိုပြီး ကောင်းမွန်တဲ့ သမ္မတအဖြစ် ထမ်းရွက်သွားမယ်အကြောင်း လူထုကို ကတိပြု ပြောကြားခဲ့ပါတယ်။

သမ္မတရှာဗက်ဇ်က သမ္မတနန်းတော် ဆင်ဝင်ကနေ ဒီမိုကရက်တစ် တိုက်ပွဲအစစ် အမှန်ဖြစ်နေပြီမို့ ၂၁ ရာစု ဒီမိုကရက်တစ်ဆိုရှယ်လစ်ဇင်ဆီ သွားကြမယ်လို့ သမ္မတ က ပြောပါတယ်။

ပြိုင်ဘက်သမ္မတလောင်းဖြစ်တဲ့ မစ္စတာ ကတ်ပရေးစ်ကလည်း သူ့သမ္မတရွေးကောက်ပွဲ စည်းရုံးရေးဌာနချုပ်မှာ စိတ်လှုပ်ရှားမှုအပြည့်နဲ့ သမ္မတ ရှာဗက်ဇ်ကို လေးကြိမ်မြောက် သမ္မတအဖြစ် အရွေးခံရလို့ ဝမ်းမြောက် ဂုဏ်ယူပါကြောင်း သမ္မတ ဟူဂိုရှာဗက်ဇ် အနေနဲ့လည်း လူထုဘာကိုလိုချင်တယ် ဆိုတာကို နားလည်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ ကတ်ပရေးစ်က ပြောကြားလိုက်ပါတယ်။

အခု အနိုင်ရလို့ အာဏာကို ဆက်ပြီး ချုပ်ကိုင်ခွင့်ရပေမယ့် ပြည်သူ ထက်ဝက်နီးပါးက သမ္မတ ရှာဗက်ဇ်ကို လက်မခံ ကြောင်း ပြသခဲ့တဲ့အတွက် မထောက်ခံခဲ့သူတွေကို လေးစားဖို့၊ တိုင်းပြည်ထက်ဝက်နီးပါးရှိ ပြည်သူတွေအတွက်လည်း စဉ်းစားပေးဖို့၊ အသိအမှတ် ပြုပေးဖို့ မစ္စတာ ကတ်ပရေးစ်က ပြောခဲ့ပါတယ်။

၁၉၉၉ ခုနှစ်ကထဲက အာဏာကို ချုပ်ကိုင်ထားတဲ့ သမ္မတရှာဗက်ဇ်ဟာ အသက် ၅၈ နှစ်ရှိပြီး မနှစ်ကတော့ ကင်ဆာရောဂါဖြစ်ခဲ့လို့ ကုသမှုခံယူခဲ့ရပြီး၊ အခုတော့ လုံးဝသက်သာကောင်းမွန်သွားပြီလို့ သူကိုယ်တိုင်က ပြောပါတယ်။ သမ္မတရဲ့ လာမယ့် ခြောက်နှစ်သက်တမ်းဟာ ဇန်နဝါရီ ၁၀ ရက်မှာ စတင်မှာ ဖြစ်ပါတယ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။