BBC navigation

ပါကစ္စတန် ရဲစွမ်းသတ္တိဆုရှင် မိန်းကလေး သေနတ်ပစ်ခံရ

နောက်ဆုံး ရေးသားချိန် 9 အောက်တိုဘာလ 2012 - 16:43 GMT

တာလီဘန်တွေရဲ့ ဖိနှိပ်မှုတွေကို အသက်၁၁နှစ် အရွယ်ကစလို့ မာလာလာ နေ့စဉ်မှတ်တမ်း ရေးခဲ့

ပါကစ္စတန်နိုင်ငံမှာ နိုင်ငံတော် ရဲစွမ်းသတ္တိဆု ချီးမြှင့်ခံခဲ့ရသူ အသက် ၁၄နှစ်အရွယ် မာလာလာ ယူဆက်ဇာအီ ဆိုတဲ့ မိန်းကလေး ငယ်တဦး သေနတ်ပစ်ခံရပြီး ဒဏ်ရာရသွား ခဲ့ပါတယ်။

နိုင်ငံ အနောက်မြောက်ဘက် Swat မြစ်ဝှမ်း ဒေသ မင်ဂိုရာ မြို့မှာ နေထိုင်နေတဲ့ မာလာလာဟာ ကျောင်းကနေ အိမ်အပြန် လမ်းမှာ ခုလို သေနတ် ပစ်ခံခဲ့ရတာပါ။

ဒီတိုက်ခိုက်မှုဟာ သူတို့ လက်ချက်လို့ ပါကစ္စတန်နိုင်ငံမှာရှိတဲ့ တာလီဘန် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

မာလာလာဟာ တာလီဘန် ဆန့်ကျင်သူဖြစ်ပြီး ဘာသာတရားကို အလေးမထားတဲ့ သူ ဖြစ်တဲ့ အတွက်ကြောင့် ခုလို တိုက်ခိုက်တာ ဖြစ်တယ်၊ အသက် ချမ်းသာပေးမှာ မဟုတ်ဘူးလို့ တာလီဘန် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသွားပါတယ်။

၁၉၉၇ ခုနှစ်က Swat မြစ်ဝှမ်းကို တာလီဘန်တွေ သိမ်းယူ ထိန်းချုပ်ပြီး မိန်းကလေးကျောင်းတွေ ပိတ်ပစ်ဖို့ အမိန့်ပေးခဲ့ပြီး နှစ်နှစ်အကြာ၂၀၀၉ခုနှစ်မှာ အသက် ၁၁နှစ်သာ ရှိသေးတဲ့ မာလာလာဟာ တာလီဘန်တွေရဲ့ လက်အောက်မှာ နေရတဲ့ ဘဝအကြောင်း ဒိုင်ယာရီ နေ့စဉ် မှတ်တမ်းရေးပြီး ဘီဘီစီ Urdu ဌာနကို ပေးပို့ခဲ့တာပါ။

အဲဒီဒေသကို တာလီဘန်တွေ ထိန်းချုပ်ထားစဉ်မှာ မိန်းကလေး စာသင်ကျောင်း တွေကို ပိတ်ပစ်ခဲ့သလို ရှာရီယာ ဥပဒေကြေညာပြီး ကားတွေထဲမှာ သီချင်း နားထောင်တာ ကို ပိတ်ပင်တာမျိုးလို တားမြစ်ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

တာလီဘန်တွေရဲ့ လက်အောက်မှာ ဖိနှိပ်ချုပ်ချယ် ခံနေရတဲ့ နေ့စဉ် ဘဝ အကြောင်းကို Gul Makai ဆိုတဲ့ ကလောင်နာမည်နဲ့ လျှို့ဝှက်ရေးနေခဲ့ရာမှာ ၂၀၀၉ခုနှစ် တာလီဘန်တွေ ကို အဲဒီဒေသက တိုက်ထုတ်နိုင်ခဲ့ချိန်မှာတော့ သူဘယ်သူလဲဆိုတာ လူတွေသိလာပြီး ပါကစ္စတန်နိုင်ငံရဲ့ နိုင်ငံတော် ရဲစွမ်းသတ္တိဆုချီးမြှင့် ခံရသလို နိုင်ငံတကာ ငြိမ်းချမ်းရေးဆုအတွက်လည်း စကာတင် အမည် စာရင်း တင်သွင်းခံခဲ့ရပါတယ်။

မာလာလာက သူကြီးလာရင် ဥပဒေ ပညာ သင်ယူပြီး နိုင်ငံရေး လောကထဲ ဝင်ချင်တယ်လို့ ပြောပါတယ်။

ပါကစ္စတန်နိုင်ငံကို လွတ်လွတ်လပ်လပ် ပညာ ဆည်းပူးနိုင်တဲ့ တိုင်းပြည်တခု ဖြစ်လာဖို့ သူစိတ်ကူးယဉ် အိပ်မက်မက်ခဲ့တယ်လို့ မာလာလာက ပြောပါတယ်။

ခေါင်းနဲ့ လည်ပင်းတွေမှာ သေနတ်ဒဏ်ရာ ရခဲ့ပြီး ဆေးရုံတင်ပို့လိုက်ရတဲ့ မာလာလာ ဟာ ခုတော့ စိုးရိမ်စရာ အခြေအနေမရှိတော့ဘူးလို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။