BBC navigation

တာလီဘန်ကိုဆန့်ကျင်ခဲ့တဲ့ ပါကစ္စတန် ကျောင်းသူလေး အသက်ရှင်

နောက်ဆုံး ရေးသားချိန် 10 အောက်တိုဘာလ 2012 - 15:16 GMT
Malala

မာလာလာအတွက် ဆုတောင်းပေးနေကြတဲ့ ပါကစ္စတန်ကျောင်းသူလေးတွေ

ပါကစ္စတန် Swat တောင်ကြားဒေသမှာ တာလီဘန်တွေက လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ ကျောင်းသူလေး မာလာလာ ယူဆွတ် ဖဇာအီရဲ့ ဦးခေါင်းအတွင်းက ကျည်ဆံကို ဆရာဝန်တွေက ခွဲစိတ် ထုတ်နိုင်ခဲ့ပါပြီ။

အမျိုးသမီးငယ်တွေ ကျောင်းတက်ခွင့်ရရေး အပါအဝင် အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေရဖို့ ကြိုးစားနေတဲ့ ၁၄ နှစ်ရွယ် ကျောင်းသူလေး မာလာလာ ယူဆွတ် ဖဇာအီ ရဲ့ ကျန်းမာရေး အခြေအနေ တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ထိန်းထားနိုင်ပြီလို့ ပါကစ္စတန် ဆရာဝန်တွေက ပြောပါတယ်။

မနေ့ အင်္ဂါက သူတို့ ကျောင်းက ပြန်အလာမှာ တာလီဘန် သေနတ်သမားတွေက လုပ်ကြံပစ်ခတ်ခဲ့လို့ ခေါင်းမှာ သေနတ်ဒဏ်ရာ ရခဲ့ပါတယ်။ တခြား ကျောင်းသူ ၂ ဦး လည်း ပစ်ခတ်ခံရလို့ ဒဏ်ရာတွေ ရခဲ့ပါတယ်။

တာလီဘန်တွေ Swat တောင်ကြားဒေသကို သိမ်းပိုက်ပြီး ၂ နှစ်အကြာ အဲဒီတုန်းက မာလာလာ ဟာ အသက် ၁၁ နှစ်အရွယ်ပါ။ အဲဒီအချိန်ကတည်းက သူဟာ သူတို့ဒေသက မိန်းကလေးတွေရဲ့ အခြေအနေ ဒိုင်ယာရီ ရေးခဲ့ပါတယ်။

တာလီဘန် စစ်သွေးကြွတွေရဲ့ လက်အောက်မှာ နေထိုင်ရတဲ့ လူတွေရဲ့ ဘဝကိုလည်း သူက ဖော်ထုတ် ပြောပြခဲ့ပါတယ်။ သူ့ကို တာလီဘန်တွေ လုပ်ကြံတိုက်ခိုက်တာကို ပါကစ္စတန် ၀န်ကြီးချုပ်နဲ့ အစိုးရက ရှုတ်ချ လိုက်သလို အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနကလည်း ဒါဟာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်၊ သူရဲဘောကြောင်တဲ့ လုပ်ရပ်လို့ ရှုတ်ချပါတယ်။

တာလီဘန်စစ်သွေးကြွတွေကတော့ နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာတွေမှာ ဘာသာတရား ဝင်မစွက်ပါနဲ့လို့ မာလာလာက လှုံ့ဆော်တဲ့အတွက် တိုက်ခိုက်တာလို့ ပြောနေသလို တခြား အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့တခု ကလည်း အခုတိုက်ခိုက်မှုက သူသေကံမရောက်ဘဲ လွတ်မြောက်လာရင်တောင် ရှေ့မှာ ချမ်းသာ မပေးဘူးလို့ ဘီဘီစီ ကိုပြောပါတယ်။

မာလာလာနဲ့ သူ့ အဖော်ကျောင်းသူလေးတွေရဲ့ အဖြစ်ဟာ Swat တောင်ကြားဒေသက ကျော်ထွက်လာပြီး ပါကစ္စတန်တနိုင်ငံလုံးနဲ့ ကမ္ဘာကို ရိုက်ခတ် ခဲ့ပါတယ်။

ပါကစ္စတန် ပက်ရှ်ဝါ မြို့က ကျောင်းသူကလေးတယောက်က မာလာလာဟာ သူတို့ရဲ့ ညီမ ဖြစ်တယ်၊ အမြန်ဆုံး ကျန်းမာလာဖို့ ဆုတောင်းနေတယ်၊ သူ့ရဲ့ အသံတွေ ရပ်ဆိုင်းသွားအောင် တာလီဘန်တွေ လုပ်ခဲ့ပေမယ့် တာလီဘန်တွေရဲ့ ဒီလုပ်ရပ် ကျရှုံးသွားပြီလို့ ပြောပါတယ်။

အခုတော့ မာလာလာက ပက်ရှဝါ ဆေးရုံမှာပါ၊ လိုအပ်ရင် နိုင်ငံခြားကိုပို့ပြီး ကုသဖို့အတွက် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကရိယာတွေ တပ်ဆင်ထားတဲ့ လေယာဉ်တစီးကိုလည်း အသင့်ပြင်ထားတယ်လို့ သိရပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။