BBC navigation

လူထုနဲ့သံဃာတွေ လက်မခံတဲ့ အိုအိုင်စီရုံး ဖွင့်ဖို့ ပြင်

နောက်ဆုံး ရေးသားချိန် 10 အောက်တိုဘာလ 2012 - 08:09 GMT
Thein Htay

အိုအိုင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုစာချွန် လက်မှတ် ထိုးထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး

ဆော်ဒီအာရေဗျနိုင်ငံ အခြေစိုက် အိုအိုင်စီလို့ခေါ်တဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးချုပ်ရဲ့ ပြီးခဲ့တဲ့ ရှေ့ပြေးခရီးစဉ်အတွင်း စက်တင်ဘာ ၁၁ ရက်နေ့က အိုအိုင်စီနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးတို့ ပူးပေါင်း ဆောင်ရွက်မှု စာချွန်လွှာကို လက်မှတ် ရေးထိုး ခဲ့ကြပါတယ်။

စာချွန်အရ ရန်ကုန်မြို့နဲ့ စစ်တွေမြို့ အပါအဝင် ရခိုင်ပြည်နယ်မှာ အိုအိုင်စီရဲ့ ရုံးတွေကို ဖွင့်လှစ် သွားမယ်လို့ အိုအိုင်စီက ဘီဘီစီကို ပြောပါတယ်။ အိုအိုင်စီရုံးတွေ ဘယ်တော့ဖွင့်မှာလဲ၊ ဘာတွေ ဆောင်ရွက်မှာလဲဆိုတာ ပြည်သူတွေက စောင့်ကြည့်နေသလို ကန့်ကွက် ဆန္ဒပြမှုတွေကလည်း ရန်ကုန်နဲ့ ရခိုင်ဒေသတွေမှာ ဖြစ်ပွားနေပါတယ်။

လက်ရှိ အခြေအနေမှာတော့ အိုအိုင်စီရုံးကိုဖွင့်ဖို့ ပြင်ဆင်နေပြီး မကြာခင်ဖွင့်လှစ်သွားမယ်လို့ အိုအိုင်စီရဲ့ မွတ်ဆလင်လူနည်းစုရပ်၀န်းဌာနရဲ့ ရိုဟင်ဂျာအရေးဆိုင်ရာတာဝန်ခံ မစ္စဒီနာ မန်ဒနီက ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်ရုံးကို ဗီဇာကိစ္စအပါအဝင် ထောက်ပံ့ရေးဆိုင်ရာတွေအတွက် ဖွင့်လှစ်မှာဖြစ်ပြီး၊ စစ်တွေရုံးကိုတော့ လူသားချင်းစာနာမှု အကူအညီတွေထောက်ပံ့ပေးရာရုံးအဖြစ် ဖွင့်မယ်လို့ သူက ဆိုပါတယ်။

အိုအိုင်စီက လူဘယ်လောက်လွှတ်မယ် ဆိုတာကိုတော့ မပြောဘဲ ပြည်တွင်းက လူတွေကိုလည်း ငှားရမ်းအသုံးပြုမယ်လို့ ဆိုပါတယ်။

Mitchell

အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်ကလည်း ရခိုင်ဒေသကို သွားရောက် လေ့လာခဲ့ပါတယ်။

ပြည်တွင်းမှာ အိုအိုင်စီရုံး မဖွင့်ဖို့ကို ပြည်သူတချို့ရော၊ သံဃာတော်တွေကပါ ဆန္ဒပြမှုတွေရှိနေတယ်၊ သိပါ သလားလို့ မေးတော့ မစ္စ ဒီနာ မန်ဒနီက ဒါကလူထုရဲ့ ထင်မြင်ချက်သက်သက်သာ ဖြစ်တယ်၊ မြန်မာအစိုးရ သဘောထား မဟုတ်ဘူး။ လူထုထင်မြင်ချက် အပေါ်မှာတော့ ဘာမှ မပြောလိုဘူး။ သူတို့ အိုအိုင်စီ ဟာ အစိုးရနဲ့လက်တွဲ လုပ်ဆောင်နေတာဖြစ်တယ်။ အိုအိုင်စီရုံးတွေ ဖွင့်တယ်ဆိုတာကလည်း ဗုဒ္ဓဘာသာတွေရော မွတ်ဆလင်တွေကိုပါ ကူညီဖို့ဖြစ်တယ်။ အခုတော့ ရုံးဖွင့်လို့ရတဲ့ အခွင့်အရေးကို ယူပြီး နှစ်ဘက်ကြားယုံကြည်မှုတည်ဆောက်ဖို့ လုပ်ပါမယ်လို့ ဘီဘီစီကို ပြောပါတယ်။

အိုအိုင်စီလို့ခေါ်တဲ့ အစ္စလာမ်နိုင်ငံများအဖွဲ့ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လာတာဟာ ပြီးခဲ့တဲ့ ရခိုင့်အရေး နောက်ပိုင်းမှသာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေ၊ သံဃာတော်တွေကတော့ အိုအိုင်စီမှာ တခြား လုပ်ဆောင်မှုတွေပါ ပါလာမှာကို စိတ်ပူနေကြလို့ အခုလို အိုအိုင်စီ အလိုမရှိ ဆိုတဲ့ ဆန္ဒပြမှုတွေ ဖြစ်ခဲ့တာပါ။

အစိုးရကလည်း အိုအိုင်စီရုံး ဖွင့်မယ့်ကိစ္စကို လူထုကို ရှင်းရှင်းလင်းလင်း အသိပေးတာ မရှိပါဘူး။ ဒါပေမဲ့ မစ္စ ဒီနာ မန်ဒနီကတော့ မစိုးရိမ်ကြဖို့ ပြောပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ စိတ်ပူဖို့ မလိုပါဘူး။ အစိုးရနဲ့ လက်မှတ်ထိုးထားတဲ့ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကလည်း အင်မတန်မှကို တင်းကျပ်ပါတယ်။ အိုအိုင်စီက လုပ်မှာကလည်း လူသားချင်းစာနာမှု လုပ်ငန်းသက်သက်ပါပဲ။ မြန်မာအစိုးရအနေနဲ့ကလည်း ဒါကို မြန်မာပြည်သူတွေ ရှင်းရှင်းလင်းလင်း သိသွားအောင် ပြောပြသင့်ပါတယ်။ အိုအိုင်စီက ကူညီဖို့ သက်သက်ရုံးဖွင့်တာ၊ တခြား ဘာရည်မှန်းချက်၊ မျှော်မှန်းချက်မှ မရှိပါဘူးဆိုတာကို ပြည်သူတွေကို ပြောပြသင့်ပါတယ်လို့ အိုအိုင်စီရဲ့ ရိုဟင်ဂျာအရေး တာဝန်ခံက ဘီဘီစီကို ပြောပါတယ်။

မြန်မာအစိုးရက လူထုကို ရှင်းရှင်းလင်းလင်း မပြောခဲ့လို့ အိုအိုင်စီအနေနဲ့ မြန်မာလူထုနဲ့ သံဃာတော်တွေကို ကိုယ့်ရုံးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောပြဖို့ အစီအစဉ်ကို ရှိပါသလားလို့ မေးတာကိုတော့ မစ္စ ဒီနာ မန်ဒနီက အိုင်အိုစီ အတွင်းရေးမှူးချုပ်ရဲ့ ရှေ့ပြေး ခရီးစဉ်တွင်းမှာလည်း ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

တခါ ရခိုင်ပြည်နယ်အစိုးရ ဝန်ကြီးတပါးရဲ့ စီစဉ်ပေးမှုနဲ့ ဘာသာရေးနဲ့ ရပ်ရွာခေါင်းဆောင်တွေနဲ့လည်း ဆွေးနွေးနိုင်ခဲ့လို့ အိုအိုင်စီရဲ့ လုပ်ဆောင်သွားမယ့်လုပ်ငန်းတွေကို ရှင်းပြခဲ့ပြီးဖြစ်တယ်၊ ဒီလိုပဲ ဆွေးနွေးပြောဆို ပြီးရင် အဆင်ပြေအောင် ညှိနှိုင်း လုပ်ကိုင်နိုင်မှာ ဖြစ်တယ်၊ ဘာမှ ပြောဆိုခွင့် မသာရင်တော့ ပြဿနာတွေကို ရှင်းနိုင်မှာမဟုတ်လို့ နှစ်ဘက်စလုံးက အတူ လက်တွဲလုပ်ဖို့ လိုပါတယ်လို့ မစ္စ ဒီနာ မန်ဒနီက ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။