BBC navigation

ဆီးရီးယားခရီးသည်တင် လေယာဉ်ကို တူရကီက အတင်းဆင်းခိုင်း

နောက်ဆုံး ရေးသားချိန် 11 အောက်တိုဘာလ 2012 - 01:15 GMT

တူရကီကဆင်းခိုင်းလို့ ဆင်းခဲ့ရတဲ့ ဆီးရီးယား ခရီးသည်တင် လေယာဉ်

ရုရှနိုင်ငံ မော်စကိုမြို့ကနေ ဆီးရီးယားမြို့တော် ဒမတ်စကပ်ကို ပျံသန်းလာတဲ့ ဆီးရီးယား ခရီးသည်တင် လေယဉ်တစင်းကို တူရကီလေပိုင်နက်ထဲကို ဝင်လာချိန်မှာ တူရကီစစ်ဂျက်လေယာဉ်တွေက တူရကီနိုင်ငံ အင်ကာရာမြို့လေဆိပ်ကို အတင်းဆင်းသက်စေခဲ့ပါတယ်။

အဲဒီ အဲယားဘတ်စ် လေယာဉ်ဟာ ခရီးသည် ၁၈၀ တင်နိုင်တဲ့ လေယာဉ်ဖြစ်ပေမယ့် ခရီးသည် ၃၅ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၂ဦးဘဲပါပါတယ်။

သူတို့တွေကို လည်း အစောင့်အကြပ်နဲ့ လေယာဉ်ပေါ်ကနေ ဆင်းခိုင်းခဲ့ပြီး လေယာဉ်တစင်းလုံးကို တူရကီအာဏာပိုင်တွေက စတင် ရှာဖွေခဲ့ပါတယ်။

တူရကီ နိုင်ငံခြားရေးဝန်ကြီးရဲ့ အပြောအရ လေယာဉ်ပေါ်မှာ အရပ်ဖက်ဆိုင်ရာ မဟုတ်တဲ့ ကုန်ပစ္စည်းတွေ တင်ဆောင်ကောင်းတင်ဆောင်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါဟာ သံတမန်စကားနဲ့ လက်နက်တွေ လို့ ဆိုလိုတာပါ။

အခုနောက်ဆုံး ဒေသတွင်းမီဒီယာတွေမှာတော့ လေယာဉ်ပေါ်မှာ စစ်တပ်သုံး ဆက်သွယ်ရေးပစ္စည်းတွေ ရှာဖွေ တွေ့ရှိခဲ့ပြီး အာဏာပိုင်တွေက သိမ်းဆည်းကာ စုံစမ်းစစ်ဆေးနေတယ်ဆိုပါတယ်။

လေယာဉ်ကိုလည်း ပြန်ထွက်ခွင့်ပြုလိုက်ပြီလို့ ပြောပါတယ်။။

ဒီအတောအတွင်း တူရကီ လေပိုင်နက်ဟာ လုံခြုံမှု မရှိတဲ့အတွက် တူရကီလေယာဉ်တွေ မပျံသန်းကြဖို့ တားမြစ်ထားပါတယ်။

သူ့တို့ နိုင်ငံ လေပိုင်နက်ကနေတဆင့် ဆီရီးယားအစိုးရအတွက် လက်နက် တင်ပို့မှုတွေကို တားဆီးဖို့ ဆုံးဖြတ်ထားတယ်လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အခု ဖြစ်ရပ်ဟာ တူရကီနဲ့ ဆီးရီးယားကြား ဖြစ်နေတဲ့ တင်းမာမှုတွေ ပို ဆိုးလာစေမယ့် သဘောရှိနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဆီးရီးယားဘက်ကနေ ပစ်လိုက်တဲ့ အမြောက်ကျည်ဆန် နှစ်နိုင်ငံနယ်စပ် အနီး တူရကီဘက်ကို ကျလို့ တူရကီ အရပ်သား ၅ ဦးသေဆုံးခဲ့ရတဲ့ အတွက် အခြေအနေ တင်းမာနေခဲ့တာပါ။

အဲဒီနောက်ပိုင်း တူရကီကလည်း ဆီးရီးယားဘက်ကို အမြောက်နဲ့ ပြန်ပြီး ပစ်ခတ်ခဲ့တာတွေရှိခဲ့ပါတယ်။

အခုဖြစ်ရပ်ဟာ တူရကီနိုင်ငံအစိုးရအနေနဲ့ ဆီးရီးယားကနေ ခြိမ်းခြောက်လာနိုင်တဲ့ အန္တရာယ်ကို အလွန်ကို အလေးအနက်ထားကာကွယ်နေတယ်ဆိုတာ တူရကီ လူထုနဲ့ ဆီးရီးယားကို သိလိုတဲ့ ဆန္ဒရှိတာကို ပြနေတယ်လို့ တူရကီမှာရှိတဲ့ ဘီဘီစီ သတင်းထောက် James Raynold က ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။