BBC navigation

စာပေဆိုင်ရာ နိုဘဲလ်ဆုကို တရုတ်စာရေး ဆရာ ရရှိ

နောက်ဆုံး ရေးသားချိန် 11 အောက်တိုဘာလ 2012 - 15:38 GMT

တရုတ်နိုင်ငံရဲ့ ပထမဆုံး စာပေဆိုင်ရာ နိုဘဲလ်ဆုရှင် စာရေးဆရာ မိုယန်း

အခုနှစ် အတွက် စာပေဆိုင်ရာ နိုဘဲလ်ဆုကို တရုတ် နိုင်ငံက စာရေး ဆရာ မိုယန် Mo Yan ရရှိသွားပါတယ်။

ဒါဟာ တရုတ် ပြည်မကြီးက စာရေးဆရာ တစ်ယောက်ကို ဆွီဒင် နိုင်ငံ နိုဘဲလ် ဆု ချီးမြှင့်ရေး ကောက်မီတီက ပထမဆုံး အကြိမ် ဆုချီးမြှင့်တာလည်း ဖြစ်ပါတယ်။

သူ့ရဲ့ စာပေ ရေးသားမှု အတော်များများက တရုတ် နိုင်ငံမှာ ၂၀ ရာစု အတွင်း ခက်ခဲ ဆင်းရဲမှုတွေ၊ အကြီး အကျယ် ရက်စက် ကြမ်းကြုတ်မှုတွေ ကို ရေးသား ဖေါ်ပြထားပါတယ်။

သူ့ကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ရှန်ဒေါင်းပြည်နယ်က မြို့လေးတမြို့က လယ်သမားမိသားစုက မွေးဖွား ခဲ့တာ ဖြစ်ပြီး သူ့လက်ရာပါ အကြောင်း အရာ အတော်များများက သူ့ရဲ့ မွေးရပ် ဇာတိ နိုင်ငံ အရှေ့မြောက်ပိုင်းက ရှန်ဒေါင်း ပြည်နယ်အတွင်း ကျေးလက် ဒေသ တွေကို အခြေခံ ထားတာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံ ပြင်ပမှာ အထင်ရှားဆုံး သူ့ရဲ့ စာပေ လက်ရာ ကတော့ Red Sorghun လို့ ဆိုနိုင်ပါတယ်။

အဲဒီ စာအုပ်က စစ်ကာလ အတွင်း ဂျပန် တို့ရဲ့ သိမ်းပိုက်မှု မတိုင်ခင် ကျေးလက် သဘာဝ သရုပ်ဖော် ဇာတ်လမ်း ဖြစ်ပြီး ရုပ်ရှင် အဖြစ် ရိုက်ကူးခဲ့ရာမှာ အောင်မြင် ကျော်ကြားခဲ့ ပါတယ်။

မိုယန်းက ကလောင်နာမည်ဖြစ်ပြီး နာမည်ရင်းက ဂွမ်မိုရဲဖြစ်ပါတယ်။

မိုယန် ဆိုတဲ့ ကလောင်အမည် အဓိပ္ပါယ်က ထုတ်ဖော် မပြောနဲ့လို့ အဓိပ္ပါယ်ရပါတယ်။

တချို့ကတော့ မိုယန်ဟာ တရုတ်နိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဖိနှိပ်ခံနေရတဲ့ ကိစ္စကို ပြောသင့် သလောက် ထုတ်ဖော် မပြောဘူးလို့ ဝေဖန်ကြ ပါတယ်။

အခုလို မိုယန် နိုဘဲလ် ဆု ရသွားတာကို အစိုးရနဲ့ ပါတီခေါင်းဆောင်တွေရဲ့ သတင်းတွေကိုသာ ထုတ်လွှင့်လေ့ ရှိတဲ့ တရုတ်အစိုးရ ရုပ်မြင်သံကြားသတင်းဌာနက ထူးထူးဆန်းဆန်း ကြေညာသွားခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။