BBC navigation

ဥရောပသမဂ္ဂ နိုဘဲလ် ငြိမ်းချမ်းရေးဆုရ

နောက်ဆုံး ရေးသားချိန် 12 အောက်တိုဘာလ 2012 - 16:40 GMT
၂၀၁၂ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆု အီးယူရရှိ

၂၀၁၂ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆု အီးယူရရှိ

အဖွဲ့ဝင် ၂၇ နိုင်ငံ ရှိတဲ့ ဥရောပ သမဂ္ဂ အီးယူကို အခုလို နိုဘဲလ် ငြိမ်းချမ်းရေးဆု ပေးအပ် လိုက်တာကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၆ စုအတွင်း ဥရောပတိုက်ကြီးကို ပိုမို စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြစ်အောင် စွမ်းဆောင်နိုင်မှုကြောင့် ပေးအပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ပထမ နဲ့ ဒုတိယ ကမ္ဘာစစ်တွေအပြီး အီးယူကနေ ပြန်လည်သင့်မြတ်စေမယ့် လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ နိုဘယ်လ် ကော်မတီက ပြောပါတယ်။

နောက်ပြီး အရှေ့ဥရောပက ကွန်မြူနစ်နိုင်ငံတွေနဲ့လည်း အသွင်ပြောင်းပြီး ပေါင်းစည်းညီညွတ်ရေးအတွက် လုပ်ဆောင်နိုင်ခဲ့တာတွေကို ဖော်ပြပါတယ်။ နောက်ပြီး ဘော်လ်ကန် ဒေသမှာ တည်ငြိမ်မှုရအောင် လုပ်ဆောင်ပေးခဲ့တဲ့ အီးယူရဲ့ အခန်းကဏ္ဍကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး ဖြစ်ပွားနေတဲ့ ယူရိုဇုန် စီးပွားရေး အကျပ်အတည်း ဖြေရှင်းရေးနဲ့တော့ မဆိုင်ဘူးလို့ သိရပါတယ်။ လတ်တလော စီးပွားရေး အကြပ်အတည်းတွေကြုံရနေရတဲ့ အီးယူအနေနဲ့ အခုလို ဆုရတဲ့အပေါ် ဂုဏ်ယူတဲ့အကြောင်း ဥရောပကောင်စီရဲ့ ဥက္ကဌ Herman Van Rompuy က ပြောပါတယ်။

အခု နိုဘဲလ် ငြိမ်းချမ်းရေးဆုပေးတာက ယူရိုဇုန် အကျပ်အတည်း ဖြေရှင်းရေးနဲ့တော့ မဆိုင်ဘူးလို့ သိရပါတယ်။ အကျပ်အတည်းဖြစ်နေတဲ့ ဂရိနိုင်ငံကို မကြာခင် ရက်ပိုင်းကပဲ ဂျာမနီ ဝန်ကြီးချုပ်သွားတော့ ဆန္ဒပြသူတွေက နာဇီအလံတွေ ကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ယူရိုဇုန် အကျပ်အတည်းကတော့ အီးယူအတွင်း သဘောထားတွေ ကွဲပြားစေခဲ့ပါတယ်။ အထူးသဖြင့် အိုင်ယာလန်၊ ဂရိ၊ ပေါ်တူဂီက လူတွေကတော့ အီးယူဟာ ခြိုးခြံခြွေတာရေး အစီအစဉ်တွေကို အတင်းအကျပ် လုပ်စေခဲ့လို့ မကျေနပ်ကြပါဘူး။ ဒါပေမယ့် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အီးယူရဲ့ အောင်မြင်မှုတွေက ရှင်းရှင်းလင်းလင်း ရှိသလို နိုဘဲလ် ကော်မတီ ကလည်း ဒါတွေကိုပဲ မီးမောင်းထိုးပြခဲ့ပါတယ်။ ဒါပေမယ့် ယူရိုဇုန် အကျပ် အတည်းကြောင့် ဆုပေးတဲ့ အချိန်အခါ ကာလကို ကြည့်မယ်ဆိုရင်တော့ နည်းနည်း ထူးဆန်းနေသလို ဖြစ်နေတယ်လို့ ဘရပ်ဆဲလ်က ဘီဘီစီသတင်းထောက် မက်သရုး ပရိုက်စ်က သုံးသပ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။