BBC navigation

လုံခြုံရေးကောင်စီ ပြန်ဖွဲ့သင့်လို့ အာဒိုဝန်ပြော

နောက်ဆုံး ရေးသားချိန် 13 အောက်တိုဘာလ 2012 - 23:47 GMT
recep_tayyip_erdogan

တူရကီ ဝန်ကြီးချုပ် အာဒိုဝန်

တူရကီ ဝန်ကြီးချုပ် ရေဆက်တေယစ် အာဒိုဝန်က ဆီးရီးယားမှာ ဖြစ်နေတဲ့ သတ်ဖြတ်မှုတွေကို ကုလသမဂ္ဂက ရပ်တန့်အောင် မဟန့်တား နိုင်ခဲ့ဘူး ဆိုပြီး ပြစ်တင် ဝေဖန် လိုက်ပါတယ်။

မစ္စတာ အာဒိုဝန်က ဒီသတ်ဖြတ်မှု တွေကို တားမြစ်တဲ့ ဆုံးဖြတ်ချက် ချဖို့ကိုလည်း အဖွဲ့ဝင် တနိုင်ငံက ပယ်ချရုံနဲ့ ဆက်မလုပ်နိုင်တဲ့ ကုလသမဂ္ဂရဲ့ လုံခြုံရေး ကောင်စီကို ပြောင်းလဲမှုတွေ လုပ်ဖို့ကိုလည်း တောင်းဆို လိုက်ပါတယ်။

မစ္စတာ အာဒိုဝန်က အခု ဆီးရီးယား နိုင်ငံ အတွင်းမှာ ဖြစ်ပျက် နေတဲ့ တရားမမျှတမှု တွေနဲ့ ပတ်သက်လို့ ဘယ်လို ဖြေရှင်း ချက် ပေးမလဲဆိုပြီး ပြောခဲ့သလို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဟာ ဆီးရီးယား နဲ့ ပတ်သက်လို့ ဘာမှ ထိရောက်တဲ့ မူဝါဒတွေ မချပြနိုင်ခဲ့တဲ့ အကြောင်းနဲ့ ရိုးသားမှုနဲ့ ငြိမ်းချမ်းရေး တို့အတွက် လုံခြုံရေး ကောင်စီရဲ့ စွမ်းဆောင်မှုတွေ ကျဆင်းလာနေပြီ ဖြစ်တဲ့ အကြောင်း တွေကို ပြောကြား သွားခဲ့ပါတယ်။

ဆီးရီးယား နဲ့ ပတ်သက်လို့ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တိုင်းကို ရုရှားနဲ့ တရုတ်က ဗီတိုအာဏာနဲ့ ပယ်ချ နေကြတာ ဖြစ်ပါတယ်။

အခုလို ပြောလိုက်တာကို ကြည့်ခြင်းအားဖြင့် မော်စကို မြို့ကနေ ပျံသန်း လာခဲ့တဲ့ ဆီးရီးယား ခရီးသည်တင် လေယာဉ်ကို တူရကီက ကြားကဖြတ်ပြီး အတင်း ဆင်းခိုင်းပြီး စစ်ဆေး ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရုရှား နိုင်ငံနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှုတွေ ဖြစ်ခဲ့တဲ့ အပေါ်မှာ ပြေလည်အောင် လုပ်ဖို့ မစ္စတာ အာဒိုဝန် ဘက်က ဆန္ဒရှိပုံ မရတဲ့ အကြောင်း တူရကီက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

တခါ ဆီးရီးယား ကလည်း တူရကီ ခရီးသည်တင် လေယာဉ် တွေကို ဆီးရီးယား လေပိုင်နက် ထဲကို ဝင်ရောက် ဖြတ်သန်း ခွင့်ကို ပိတ်ပင် လိုက်တယ်လို့ ဆီးရီးယား နိုင်ငံပိုင် သတင်းဌာနက ကြေညာသွား ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။