BBC navigation

ဖိလိပိုင်အစိုးရနဲ့ မွတ်ဆလင်သူပုန်အဖွဲ့ ပဏာမ ငြိမ်းချမ်းရေး သဘောတူ

နောက်ဆုံး ရေးသားချိန် 15 အောက်တိုဘာလ 2012 - 16:09 GMT

အာရှတိုက်ရဲ့ အကြာရှည်ဆုံးသော ပုန်ကန်မှု အဆုံးသတ် စေရေး ရည်မှန်းချက် အရ ဖိလစ်ပိုင် အစိုးရနဲ့ သူပုန် တွေကြား ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက် တစ်ရပ်ကို လက်မှတ် ရေးထိုး ခဲ့ကြ ပါတယ်။

နှစ်ပေါင်း ၄၀ ကျော်ဖြစ်ပွားနေတဲ့ ပုန်ကန်မှုကြောင့် လူပေါင်း တစ်သိန်း နှစ်သောင်းကျော် အသက် ဆုံးရှုံး ခဲ့ကြရ ပါတယ်။
အခုတော့ ဒီလ အစောပိုင်းကပဲ မလေးရှားနိုင်ငံမှာ တွေ့ဆုံဆွေးနွေးအပြီးမှာ ဖိလစ်ပိုင် အစိုးရနဲ့ ဖိလစ်ပိုင် အစိုးရနဲ့ ဖိလစ်ပိုင် နိုင်ငံတွင်း အကြီးဆုံး မွတ်ဆလင် သူပုန် အဖွဲ့ Moro Islamic Liberation Front (MILF)တို့ အကြား ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက် တစ်ရပ်ကို လက်မှတ် ရေးထိုး ခဲ့ကြ ပါတယ်။
ဒီသဘော တူညီချက်ထဲမှာ ရိုမန် ကက်သလစ် ဘာသာ အဓိက ကိုးကွယ်တဲ့ ဖိလစ်ပိုင် နိုင်ငံ အတွင်း မွတ်ဆလင် အများစု နေထိုင်ရာ နိုင်ငံ တောင်ပိုင်းကို လာမယ့် ၂၀၁၆ ခုနှစ်မှာ တစိတ် တဒေသ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဖြစ်စေရေး လုပ်ဆောင်မယ့် အစီအစဉ်တွေ ချပြထား ပါတယ်။
ငြိမ်းချမ်းရေးသဘောတူ လက်မှတ် ရေးထိုးတဲ့ပွဲကို တော့ ဖိလစ်ပိုင်သမ္မတ ဘန်နင်နို အကွီနို နဲ့ သူပုန်ခေါင်းဆောင် မူရတ် အင်ဗရာဟင်တို့ အကြား ပြေလည်အောင် စေ့စပ်ဆွေးနွေးပေးတဲ့ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ပ် ရာဇတ်လည်း တက်ရောက်ခဲ့ ပါတယ်။
အခုလို သဘောတူညီချက်တွေရခဲ့ပေမယ့် လုပ်ဆောင်ရမယ့်အရာတွေ စိန်ခေါ်မှုတွေ ကတော့ ဆက်ပြီးရှိနေသေးတယ်လို့ ဖိလစ်ပိုင်သမ္မတက ပြောပါတယ်။
အခုသဘောတူညီချက်ဟာ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ မူဘောင် တခုသာ ဖြစ်ပြီး ဒီနောက်မှာ လုပ်ဆောင်စရာတွေ အများကြီးရှိတယ်ဆိုတယ် နှစ်ဘက်စလုံးက သိကြတယ်လို့ ဖိလစ်ပိုင်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ဖိလစ်ပိုင်သမ္မတ ဘန်နင်နို အကွီနိုရဲ့ သမ္မတ သက်တမ်းကုန်မယ့် ၂၀၁၆ ခုနှစ်မတိုင်မှီ ဒီငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ မယ့် ဖိလစ်ပိုင်တောင်ပိုင်းက မွတ်ဆလင်တွေ အများဆုံး နေထိုင်တဲ့ဒေသကိုတော့ ဘင်စမိုရို လို့ အမည်ပေးမယ်လို့ သိရပါတယ်။

စပိန်လူမျိုးတွေက အစ္စလာမ် ဘာသာ ကိုးကွယ်သူများ လို့ အဓိပ္ပါယ်ဖွင့်တဲ့ စကားလုံး moros ဒါမှမဟုတ် moors ဆိုတဲ့ အသုံးအနှုန်းကို အကြောင်းပြုပြီး ဘင်စမိုရိုလို့ မှည့်ခေါ်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ ကြောင့် ဖိလစ်ပိုင်အစိုးရနဲ့ Moro Islamic Liberation Front (MILF) တို့အကြားမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် ရှိခဲ့ပေမယ့် အောင်မြင်မှု မရရှိခဲ့ပဲ အခုအကြိမ်မှာမှ နှစ်ဘက် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

MILF သူပုန် အဖွဲ့ အကြီးအကဲ Al Haj Murad Ebrahim က အခု သဘောတူညီချက်ဟာ ဖိလစ်ပိုင် နိုင်ငံ သမိုင်းမှာ အထူးခြားဆုံး အချိန်ဖြစ်တယ်လို့ ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။