BBC navigation

စစ်ရာဇဝတ်မှုနဲ့ တရားစွဲခံရတဲ့ Radovan Karadzic ခုခံလျှောက်လဲ

နောက်ဆုံး ရေးသားချိန် 16 အောက်တိုဘာလ 2012 - 15:35 GMT
Karadzic Trial

တရားရုံးမှာ တွေ့ရတဲ့ ကရာဒစ်ချ်

ဘောစနီးယား ဆာ့ဘ် ခေါင်းဆောင်ဟောင်း ဖြစ်သူ Radovan Karadzic ရဲ့ အမှုကို နယ်သာလန် နိုင်ငံ သည်ဟိတ်မြို့က နိုင်ငံတကာ တရားရုံးမှာ အင်္ဂါနေ့က စတင် ကြားနာခဲ့ ရာမှာ မစ္စတာ ကရာဒစ်ချ် က သူ့ကို စွဲဆိုထားတဲ့ စွဲချက်တွေကို ခုခံ လျှောက်လဲခဲ့ ပါတယ်။

မိနစ် ၉၀ ကြာ ကိုယ်တိုင် ထွက်ဆိုချက်ထဲမှာ မစ္စတာ ကရာဒစ်ချ်က ဘော့စနီးယား စစ်ပွဲ ဘယ်လို စတင် ခဲ့တယ်၊ ဘယ်လို ဆက်ဖြစ် လာတယ် ဆိုတာနဲ့ ပတ်သက်တဲ့ သူ့ အမြင်ကို ပြောသွားခဲ့ ပါတယ်။

သူဟာ ပျော့ပြောင်းသူတစ်ယောက်၊ သီးခံ စိတ်ရှိသူ တစ်ယောက် ဖြစ်တဲ့ အပြင် သူအာဏာ လက်ဝယ် ရှိစဉ် အချိန်က စစ်ပွဲကို ရှောင်နိုင်အောင် အတတ် နိုင်ဆုံး လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး မြတ်နိုးသူ တစ်ယောက်ပါလို့ သူ့ကိုယ်သူ ပြောသွားခဲ့ ပါတယ်။

Radovan Karadzic ဟာ နာဇီ ခေတ် နောက်ပိုင်း ဥရောပမှာ ရက်စက်ကြမ်းကြုတ်ဆုံးသော ပြစ်မှုတချို့ အပါအဝင် စစ်ရာဇဝတ်မှု၊ လူသားတွေ အပေါ် လူမဆန်တဲ့ ရက်စက်မှုတို့ ကျူးလွန်ခဲ့တယ် ဆိုပြီး စွဲချက်တင် ခံထားရ တာပါ။

ဆာ့ဘ် လူမျိုးတွေက သူတို့သမိုင်းကို သူတို့ သိသူတွေပါလို့ မစ္စတာ Karadzic က တရားရုံးမှာ ပြောသွားတယ်လို့ တရားခွင်မှာ ကိုယ်တိုင် သတင်း သွားယူခဲ့သူ ဘီဘီစီ သတင်းထောက် Alan Little က ပြောပါတယ်။

ယူဂိုဆလားဗီးယား ပြည်ထောင်စု မပြိုကွဲခင်ရော ပြိုကွဲပြီးနောက်ပိုင်းမှာပါ ဆာဘ်လူမျိုးတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု ခံရမယ် ဆိုတဲ့ ခြိမ်းခြောက်မှု ခံခဲ့ ရတယ်၊ ရက်စက် ကြမ်းကြုတ်မှုတွေကို ဆာ့ဘ် လူမျိုးတွေ ကျူးလွန်တယ် ဆိုတဲ့ ပြောဆိုမှုတွေဟာလည်း မဟုတ် မမှန် လုပ်ကြံပြောကြတာ ဖြစ်တယ်လို့ မစ္စတာ Karadzic က ဆိုပါတယ်။

နာမည်ဆိုးနဲ့ လူသိများတဲ့ အလုပ်ကြမ်း စခန်းတွေမှာ မွတ်ဆလင်တွေကို ဖမ်းထားတယ် ဆိုတာတွေကလည်း နိုင်ငံခြား သတင်း မီဒီယာတွေမှာ ပြောနေ ကြတာသာ ဖြစ်တယ်လို့ တရားရုံးမှာ သူ ပြောလိုက်တဲ့ အချိန် မှာတော့ အလုပ်ကြမ်း စခန်းမှာ အသက် မသေဘဲ ကျန်ခဲ့သူ တစ်ယောက်က တရားရုံးရဲ့ လူအများလာနိုင်တဲ့ ခန်းမထဲမှာ ငိုကြွေးခဲ့ ပါတယ်။

၁၉၉၄ ခုနှစ်က ဆာရီရေးဗိုး Sarajevo မြို့က စျေးနေရာမှာ လူပေါင်း ၆၉ ယောက် ကို အစုလိုက် အပြုံလိုက် သတ်ခဲ့တယ် ဆိုတာဟာလည်း မဟုတ်မှန်ဘူးလို့ မစ္စတာ Karadzic က ပြောပါတယ်။

စျေးဆိုင် ပြူတင်းပေါက်တွေ မှာ ပြသထားတဲ့ လူရုပ် တွေကို အလောင်းတွေ ပုံစံနဲ့ ထရပ်ကားကြီးတွေပေါ် ပစ်တင်ခဲ့တာလို့ သူက ပြောပါတယ်။

ဒါ့အပြင် ၁၉၉၅ ခုနှစ်က မွတ်ဆလင် အမျိုးသား လူကြီး လူငယ် ၈ ထောင်ကို Sreberenica မှာ သတ်ပစ်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်လို့လည်း ဒီလုပ်ရပ်မျိုး ဖြစ်ခဲ့တဲ့ လက္ခဏာ မရှိခဲ့ဘူး၊ တစ်ယောက်မှ အသတ်မခံခဲ့ရဘူးလို့ သူက ပြောပါတယ်။

အရပ်သားတွေကို အကာအကွယ်ပေးပါလို့ သူကိုယ်တိုင် အမိန့်ပေးခဲ့တာ ဖြစ်တယ်လို့ မစ္စတာ ကရာဒစ်ချ်က ပြောသွားပါတယ်။

သူ့နဲ့ အနီးကပ် ဆုံး လက်ထောက်တွေ အတော်များများက ဒီတရားရုံးမှာပဲ အဲဒီအမှုတွေနဲ့ ပတ်သက်လို့ အပြစ်တွေ အသီးသီး ကျခဲ့ပြီးဖြစ်ပြီး နှစ်ရှည် ထောင်ဒဏ်တွေ ကျခံ နေကြရပါတယ်။

ဒါပေမဲ့ မစ္စတာ ကရာဒစ်ချ် အနေနဲ့ သူ့ဘက်ကနေ ခုခံ ထွက်ဆိုဖို့ သက်သေ ရာနဲ့ ချီပြီး ခေါ်နိုင်တဲ့အတွက် ဒီအမှု ကြားနာ စစ်ဆေးဖို့က လနဲ့သာ မက နှစ်နဲ့တောင် ချီပြီး ကြာသွားနိုင်တယ်လို့ တရားခွင်ကို သွားရောက်သတင်းယူခဲ့တဲ့ ဘီဘီစီ သတင်းထောက် Alan Little က ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။