BBC navigation

နယူးယောက် ဗဟိုဘဏ်ကို ဖေါက်ခွဲဖို့ ကြံမှုနဲ့ လူတဦးကို ဖမ်းဆီး

နောက်ဆုံး ရေးသားချိန် 18 အောက်တိုဘာလ 2012 - 00:55 GMT

ဖယ်ဒရယ်လ် ဗဟိုဘဏ်ရုံး အဆောက်အအုံကို ဖေါက်ခွဲဖို့ ကြံစည်ခဲ့

အမေရိကန် နိုင်ငံ နယူးယောက်မြို့ ဖက်ဒရယ်လ် ဗဟိုဘဏ်ရုံး အဆောက်အအုံကို ဖေါက်ခွဲ ဖျက်ဆီးဖို့ ကြံစည်ခဲ့တယ်လို့ မသင်္ကာမှုနဲ့ လူတဦးကို နယူးယောက်မြို့မှာ ဖမ်းဆီး လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အသက်၂၁နှစ်အရွယ် Quzi Nafis ဆိုသူကို အလုံပိတ် van ကားတစင်းနဲ့ အပြည့်တင်လာတယ်လို့ သူထင်နေတဲ့ ဖေါက်ခွဲ ပစ္စည်းတွေ ဖေါက်ခွဲဖို့ လုပ်နေတုန်း ဖမ်းဆီး လိုက်တာ ဖြစ်ပါတယ်။

တကယ်တမ်းမှာတော့ FBI စုံစမ်းရေး အဖွဲ့ စစ်ဆင်လှုပ်ရှားမှုတခုရဲ့ တစိတ်တပိုင်း အရ အဲဒီ ဖေါက်ခွဲပစ္စည်းတွေ နေရာမှာ ပစ္စည်း အတုတွေ အစားထိုး ထည့်ထားတာ ဖြစ်ပါတယ်။

မစ္စတာ Nafis ဟာ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ဖို့ ရည်ရွယ်ချက်နဲ့ အခုနှစ် ဇန္နဝါရီလက အမေရိကန်နိုင်ငံကို ရောက်ရှိလာတာ ဖြစ်တယ်လို့ FBI က ပြောပါတယ်။

သူဟာ လူတွေ အစုလိုက် အပြုံလိုက် သေကြေ ပျက်စီးစေမယ့် ဖျက်အားပြင်း လက်နက်တခု သုံးဖို့ ကြိုးစားခဲ့မှု၊ အယ်လ် ကိုင်ဒါတွေကို ထောက်ခံအားပေးမှု စတဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်ရဖို့ ရှိပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။