BBC navigation

အငြင်းပွားတဲ့ ကျွန်းစုမှာ တရုတ် စစ်ရေး လေ့ကျင့်မယ်

နောက်ဆုံး ရေးသားချိန် 18 အောက်တိုဘာလ 2012 - 23:01 GMT
တရုတ် ဂျပန်ကမ်းခြေစောင့်တပ်များ

တရုတ် ဂျပန်ကမ်းခြေစောင့်တပ်များ

တရုတ်နိုင်ငံက သူ့ရဲ့ရေပိုင်နက်ကို ကာကွယ်ရေးဖို့ လေ့ကျင့်တဲ့အနေနဲ့ ဒီကနေ့ သောကြာနေ့မှာ အရှေ့တရုတ် ပင်လယ်ပြင်မှာ တရုတ်ရေတပ်က စစ်ရေးလေ့ကျင့်မယ်လို့ သတင်းတွေဖြစ်ပေါ်နေပါတယ်။ ဂျပန်တို့အခေါ် ဆင်ကာကူနဲ့ တရုတ်တို့ဘက်က အခေါ် ဒိုင်အိုယုဆိုတဲ့ ကျွန်းစုတွေရှိတဲ့ နေရာမှာဖြစ်ပါတယ်။ နှစ်နိုင်ငံလုံးက ဒီကျွန်းတွေကို သူပိုင်ကိုယ်ပိုင်အငြင်းပွားနေကြပါတယ်။ ဂျပန်အစိုးရက ခုအငြင်းပွားနေတဲ့ ကျွန်းတွေကို ပုဂ္ဂလိက လက်ထဲကနေ နိုင်ငံပိုင်လုပ်လိုက်တဲ့အတွက် တရုတ်နိုင်ငံက မြို့ကြီးတွေမှာ ဂျပန်ဆန့်ကျင်ရေး အကြီးအကျယ် ဆန္ဒပြကြပါတယ်။

ယူကေကိုရောက်နေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးKoichiro Gemba ကတော့ အခုလိုဂျပန်အစိုးရက ကျွန်းတွေကို ဝယ်လိုက်တာဟာ လက်တွေ့ကျတဲ့အကြောင်း ဘီဘီစီကိုပြောပါတယ်။ တကယ်လို့အစိုးရဘက်က ဒီကျွန်းစုတွေကို မဝယ်ဘဲ လက်ယာယိမ်းတဲ့ တိုကျိုမြို့တော်ဝန်Shintaro Ishihara ကမူလစီစဉ်တဲ့အတိုင်း ဝယ်ဖြစ်ရင် အမျိုးသားရေးလှုံ့မှုကတဆင့် ရန်စောင်မှုတွေ ဖြစ်လာနိုင်တယ်လို့နိုင်ငံခြားရေး ဝန်ကြီးက မြို့တော်ဝန်ကို ပစ်တင်လိုက်ပါတယ်။ တိုကျို မြို့တော်ဝန်ရဲ့ ကြိုးပမ်းမှုကြောင့် ၆လအတွင်း ကျွန်းဝယ်ဖို့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၈သန်းလူထုထံက ကောက်ခံရရှိခဲ့ပါတယ်။

နောက်တခါ ဒီလိုအစိုးရက ဝယ်လိုက်တဲ့အတွက် တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဂျပန် စီးပွားရေးလုပ်ငန်းတွေကို အကြမ်းဖက်တိုက်ခိုက်လို့ မယုံနိုင်စရာပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဒါကြောင့် ဂျပန်ရဲ့ အကြီးဆုံး ကုန်သွယ်ဖက် တရုတ်နဲ့စီးပွားရေးအရ ဂျပန်ဘက်က အများကြီးနစ်နာ ထိခိုက်ရပါတယ်။

Gemba ဘက်က ဒီကျွန်းတွေကို ဂျပန်ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောနေပေမယ့် ဒီအခြေအနေ ပိုပြီးတင်းမာလာမှာကို နှစ်ဖက်စလုံးက ရပ်ကြဖို့အရေးကြီးတဲ့အကြောင်း ပြောသွားတာကို ဘီဘီစီသတင်းထောက် Mariko Oi ကသတင်းပေးပို့ထားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။