BBC navigation

အငြင်းပွားရေပြင်မှာ တရုတ်စစ်ရေး လေ့ကျင့်

နောက်ဆုံး ရေးသားချိန် 19 အောက်တိုဘာလ 2012 - 17:01 GMT
China naval drills

တရုတ် စစ်အရာရှိတွေရဲ့ စစ်ရေးလေ့ကျင့်မှု

တရုတ်က အောက်တိုဘာလ ၁၉ ရက်နေ့မှာ အရှေ့တရုတ်ပင်လယ်မှာ စစ်ရေး လေ့ကျင့်မှုတွေ လုပ်ခဲ့တယ်လို့ တရုတ်ဖက်က ကြေငြာပါတယ်။

ဒါဟာ ကျွန်းတွေပိုင်ဆိုင်မှုနဲ့ စပ်ပြီး တရုတ်-ဂျပန် နှစ်နိုင်ငံ အငြင်းပွားပြီး တင်းမာနေတုန်းမှာ လုပ်လာတာ လည်း ဖြစ်ပါတယ်။

တရုတ်အစိုးရ သတင်းအေဂျင်စီ ဆင်ဟွာရဲ့ အဆိုအရတော့ နိုင်ငံရဲ့ နယ်မြေ နယ်နိမိတ်နဲ့ အချုပ်အခြာကို ကာကွယ်နိုင်ဖို့အတွက် အရေးပေါ် အခြေအနေတွေ ဖြစ်လာခဲ့ရင် မြန်မြန်ဆန်ဆန် တုန့်ပြန်နိုင်အောင် ဒီစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်တာလို့ ပြောပါတယ်။

အရှေ့တရုတ်ပင်လယ် စစ်ရေးလေ့ကျင့်မှုမှာ ရေတပ်စစ်သင်္ဘော ၁၁ စင်း၊ လေယာဉ် ရှစ်စင်း၊ ကမ်းခြေစောင့်တပ်နဲ့ ငါးလုပ်ငန်းအေဂျင်စီက သင်္ဘောတွေ လည်း ပါဝင်ပါ တယ်။

အစိုးရရုပ်သံဖြစ်တဲ့ တရုတ်စီစီတီဗီက ပြသွားတဲ့ အထဲမှာတော့ တရုတ် စစ်သားတွေ၊ ရေတပ်သားတွေ၊ တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကို တွေ့ရပါတယ်။ ဂျပန်က ဆန်ကာကူလို့ ခေါ်ပြီး တရုတ်က ဒီအောယုလို့ ခေါ်တဲ့ ကျွန်းတွေ ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး တရုတ်၊ ဂျပန်နဲ့ ထိုင်ဝမ် အားလုံးက သူတို့ ပိုင်တယ်လို့ ပြောပါတယ်။

လောလောဆယ်မှာတော့ ထိုင်ဝမ်မြောက်ပိုင်း၊ ဂျပန်အိုကီနာဝါကျွန်း တောင်ပိုင်းမှာရှိတဲ့ ဒီကျွန်းတွေကို ဂျပန်က ပိုင်ဆိုင်ထားပါတယ်။

China naval drills

စစ်အင်အားပြတာလို့ ယူဆမှုတွေရှိ

ဂျပန်ပုဂ္ဂလိကပိုင်ရှင် ပိုင်ဆိုင်ထားတဲ့ ကျွန်းသုံးကျွန်းကို ဂျပန်အစိုးရ လက်လွှဲဝယ်ယူလိုက်တဲ့အခါ တရုတ်ပြည်မှာ သံတမန်ပိုင်းကရော လူထုကြားမှာပါ ဂျပန်ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပွား ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကစလို့ တရုတ်နဲ့ ထိုင်ဝမ်သင်္ဘောတွေက အငြင်းပွားနေတဲ့ ကျွန်းတွေနားက ရေပိုင်နက်ထဲကို ဝင်လိုက်ထွက်လိုက် လုပ်နေလို့ ဂျပန်က ချက်ချင်းဆိုသလို ဒီလိုလုပ်နေတဲ့ ပြဿနာတခုခု တက်ရင် အခြေအနေတွေကို ပိုဆိုးကုန်မယ်လို့ သတိတွေပေးပါတယ်။

အခု စစ်ရေးလေ့ကျင့်နေတဲ့ သင်္ဘော ၁၁ စင်းက ဂျပန်ရေပိုင်နက်ထဲကို ဝင်မယ်လို့တော့ မထင်ရပေမယ့် တကယ်လို့များ ဝင်ရောက်ခဲ့ရင်တော့ အကြီးအကျယ် ပြဿနာတက်နိုင်တယ် လို့တော့ ဂျပန်က ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။

အမေရိကန်ကတော့ အားလုံးကို ခေါင်းအေးအေးထားကြဖို့ ပြောဆိုလိုက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝီလီယံ ဘန်းစ် က ဂျပန်နဲ့ တရုတ်နိုင်ငံတွေ သွားရောက် ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။