BBC navigation

နှစ်ပေါင်းများစွာအတွင်း ဘီဘီစီအရှုပ်တော်ပုံ

နောက်ဆုံး ရေးသားချိန် 23 အောက်တိုဘာလ 2012 - 01:26 GMT
Jimmy Savile

မိန်းကလေးငယ်တွေ အပါအဝင် လူပေါင်းများစွာကို လိင်မှုဆိုင်ရာ မတော်မတရား ပြုခဲ့သူလို့ စွပ်စွဲခံရသူ

ဘီဘီစီဆိုတာ သတင်းတွေ မှန်ကန်ရမယ်၊ ပရိသတ် ယုံကြည်မှု အပြည့်ရှိတယ် ဆိုပြီး နာမည်ရတဲ့ သတင်းဌာနကြီး ဖြစ်ပါတယ်။ အခုတော့ ဘီဘီစီရဲ့နာမည် အကြီးဆုံး ရုပ်သံ တင်ဆက်သူတွေထဲက တဦးဖြစ်တဲ့ ဂျင်မီ ဆာဗေးလ်ရဲ့ လိင်မှုဆိုင်ရာ မတော်မတရား လုပ်မှုတွေကို ဘီဘီစီ အနေနဲ့ ပရိသတ်သိအောင် တင်ပြမှု မရှိဘဲ ထိန်ချန်ခဲ့တာနဲ့ပတ်သက်လို့ အခုတော့ ယူကေနိုင်ငံရဲ့ မီဒီယာလောကမှာ အကြီးအကျယ် ဂယက်ရိုက်လို့ ဘီဘီစီရဲ့ သတင်းပညာကိုလည်း မေးခွန်းထုတ်နေပါပြီ။

တကယ်တော့ ရုပ်သံတင်ဆက်သူလည်းဖြစ်၊ နာမည်ကြီး ဒီဂျေလည်းဖြစ်တဲ့ ဂျင်မီ ဆာဗေးလ်က မနှစ်ကပဲ အသက် ၈၄ နှစ် အရွယ်မှာ ကွယ်လွန် ခဲ့ပါပြီ။ ဘီဘီစီရဲ့ top of the pops နဲ့ jim’ll fix it အစီအစဉ်တွေအပြင် အစီအစဉ်ပေါင်း များစွာ တင်ဆက်ပြီး အလွန်နာမည်ကျော်ခဲ့သူက အလှူငွေလည်း ပေါင်သန်း ၄၀ လောက် ရှာနိုင်ခဲ့တာကြောင့် လူတိုင်းသိသူ ဖြစ်ခဲ့ပါတယ်။

ဘီဘီစီမှာ နှစ်ပေါင်း ၄၀ ကျော် အလုပ်လုပ်ခဲ့စဉ်ကာလမှာ သူဟာ မိန်းကလေး ငယ်လေးတွေ အပါအဝင် လူပေါင်းများစွာကို လိင်မှုဆိုင်ရာ ကျူးလွန်မှုတွေ၊ မတော်မတရားမှုတွေ ပြုလုပ်ခဲ့ ပါတယ်။ တချို့ကိစ္စတွေကိုဆိုရင် ဘီဘီစီရဲ့ ရုံးအဆောက်အဦးတွင်းမှာကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုတွေလုပ်ခဲ့တဲ့လူရဲ့ လိင်မှုအရှုပ်တော်ပုံတွေကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီးကာမှ ဘီဘီစီရဲ့ သတင်းည နယူးစ်နိုက်ဆိုတဲ့ အစီအစဉ်မှာ မနှစ်က ထုတ်လွှင့်ခါနီးမှာ မထုတ်လွှင့်ဘဲ ထားခဲ့ပါတယ်။ အဲဒီအစား ဂျင်မီ ဆာဗေးလ်ကို ချီးကျူးထားတဲ့ ရုပ်သံ အစီအစဉ် တခုကို အစားထိုး ထုတ်လွှင့်ခဲ့ပါတယ်။ နောက်ပိုင်းမှာ နယူးစ်နိုက် သတင်းအစီအစဉ်ရဲ့ အယ်ဒီတာက သူ့ ဘလော့ဂ် ကနေ သူတို့ဘာကြောင့် အဲဒီသတင်းစုံစမ်းမှုကို မထုတ်လွှင့်ခဲ့တဲ့ အကြောင်းကို အောက်တိုဘာလ အစောပိုင်းမှာ ရှင်းချက်ရေးထုတ်ခဲ့ပါတယ်။

အခုတော့ ဘီဘီစီရဲ့ နောက်ထပ် ထင်ရှားတဲ့ အစီအစဉ်တခုဖြစ်တဲ့ သတင်းတွေကို စုံစမ်းထောက်လှမ်း ဖော်ထုတ်တင်ပြတဲ့ မြင်ကွင်းကျယ်လို့ခေါ်တဲ့ ပင်နိုရားမား အစီအစဉ်ကနေ မနေ့ညက ဂျင်မီ ဆာဗေးလ်အကြောင်းတွေကို ဖော်ထုတ်တင်ပြ ပါတယ်။ ပင်နိုရားမားက ဘီဘီစီက ဘာကြောင့် ဒီလူ့အကြောင်း မထုတ်လွှင့်ခဲ့သလဲ ဆိုတဲ့ မေးခွန်းကို မေးပြီး၊ အဲဒီမှာဆိုရင် ဟိုတုန်းက ကျောင်းသူလေးတယောက် အခုတော့ အရွယ်ရောက်နေသူက ဘီဘီစီရဲ့ဂျင်မီ့အဝတ်လဲခန်းထဲမှာပဲ ဂျင်မီ့ သူငယ်ချင်း နောက်အဆိုတော်တယောက်က တခြားကျောင်းသူလေးတယောက်ကို လိင်ဆက်ဆံနေတာကို သူမြင်တဲ့အကြောင်း ဖွင့်ဟ ပြောကြားထားပါတယ်။

ထူးခြားတာတခုက ဂျင်မီရဲ့ နာမည်ကျော်ကြား လူကြိုက်များတဲ့ ရုပ်သံအစီအစဉ်တွေမှာ အဲဒီကလေးမလေးတွေ၊ ကောင်လေးတွေက အမြဲလိုလိုပါနေပြီး၊ ဂျင်မီက ထင်သလို ကိုင်ဟယ်ပြုဟယ် ဖက်ဟယ်ပွေ့ဟယ် လုပ်ပါတယ်။ မနေ့ကပဲ အစိုးရရှေ့နေရုံးကလည်း ၂၀၀၉ ခုနှစ်မှာ ဂျင်မီ ကျူးလွန်ခဲ့တဲ့ လိင်မှု လေးမှုအတွက် အမှုစွဲတင်နိုင်ဖို့ စုံစမ်းစစ်ဆေးခဲ့တယ်၊ ဒါပေမဲ့ ခက်တာက ကျူးလွန်ခံရသူတွေကိုယ်တိုင်က အမှု မလုပ်ချင်ဘူးလို့ ဆိုပါတယ်။

အခုတော့ နယူးစ်နိုက်သတင်းအစီအစဉ်က မနှစ်က ဖြုတ်ချခဲ့တာ ဘာကြောင့်လဲ၊ ဘီဘီစီရဲ့ စီမံခန့်ခွဲမှုက ဘယ်လိုလဲဆိုတာကို စုံစမ်းရေးအဖွဲ့နှစ်ဖွဲ့ ဝင်ပါတော့မယ်။ တဖွဲ့က တခြားနာမည်ကျော် သတင်းဌာနဖြစ်တဲ့ စကိုင်းနယူးစ်ရဲ့ အကြီးအကဲ ဟောင်း နစ်ခ် ပေါလာ့ဒ် ဦးဆောင်တဲ့ အဖွဲ့က စစ်ဆေးပြီး ဒီဇင်ဘာမှာ အစီရင်ခံစာ တင်ရမှာ ဖြစ်သလို၊ တရားရုံးချုပ် တရားသူကြီးဟောင်း ဒမ်း ဂျဲနက် စမစ် ဦးဆောင်တဲ့ နောက်တဖွဲ့ကလည်း ဂျင်မီ ဆာဗေးလ် ဘီဘီစီမှာ လုပ်ကိုင်ခဲ့စဉ်က ဘီဘီစီရဲ့ လုပ်ငန်းစီမံလုပ်ဆောင်ပုံတွေကို လေ့လာပြီး လာမယ့်နှစ် နွေဦးမှာ အစီရင်ခံစာ တင်သွင်းရမှာ ဖြစ်ပါတယ်။

အခုတော့ ဘီဘီစီရဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့တကွ ထိပ်တန်းတာဝန်ရှိသူတွေဟာ ဒီ ဂျင်မီ ဆာဗေးလ်အမှုနဲ့ပတ်သက်ပြီး ခေါင်းခဲနေကြပါတယ်။ ဒီကနေ့မှာပဲ အထက် ပါလီမန် ယဉ်ကျေးမှုကော်မတီရှေ့မှောက်မှာ ဘီဘီစီရဲ့ ညွှန်ကြားရေးမှူးချုပ် ဂျော့ရှ် အန်းဝစ္စတယ်လ်ဟာ အစစ်ဆေးခံရမှာ ဖြစ်ပါတယ်။

နယူးစ်နိုက် သတင်း အစီအစဉ်မှာ လိင်မှုကျူးလွန်တယ်လို့ ဖော်ထုတ်ထားတဲ့ ဂျေမီ ဆာဗေးလ် အကြောင်း ဘာကြောင့် မထုတ်လွှင့်ခဲ့သလဲဆိုတဲ့ ပြင်းထန် ခက်ခဲမယ့် မေးခွန်းတွေကို ဘီဘီစီရဲ့ ညွှန်ကြားရေးမှူးချုပ်ဟာ တာဝန်ယူ၊ တာဝန်ခံ ဖြေကြားရမှာ ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။