BBC navigation

အိုဘားမားပြန်နိုင်မယ်လို့ ဘီဘီစီစစ်တမ်းက ဆို

နောက်ဆုံး ရေးသားချိန် 23 အောက်တိုဘာလ 2012 - 01:15 GMT
Obama

စစ်တမ်းအရ ပြန်အရွေးခံရဖို့ အလားအလာ ကောင်းနေတဲ့ သမ္မတ အိုဘားမား

လာမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ပြိုင်ဖက် ရီပတ်ဘလေကန် သမ္မတလောင်း မစ် ရွမ်နေထက် လက်ရှိ သမ္မတ အိုဘားမားကိုပဲ ပြန်အရွေးခံရ စေချင်တယ်လို့ ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်ရဲ့ ၂၁ နိုင်ငံ စစ်တမ်း ကောက်ယူမှုမှာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက် ကနေ စက်တင်ဘာလ ၃ရက်ထိ လူပေါင်း ၂၁၇၉၇ ယောက် ဆီကနေ Globe Scanနဲ့ PIPA တို့က ကောက်ယူခဲ့တဲ့ စစ်တမ်းမှာ ၂၁ နိုင်ငံအနက် နိုင်ငံ ၂၀က မစ် ရွမ်နေထက် အိုဘားမားကို ပိုကြိုက်တာ တွေ့ရပါတယ်။

အားလုံးခြုံပြောရရင် ၅၀ ရာခိုင်နှုန်းလောက်က အိုဘားမား ပြန်အရွေးခံရတာကို မြင်ချင်ကြပြီး မစ် ရွမ်နေကို ထောက်ခံသူက ၉ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ကျန်တဲ့ သူတွေကတော့ နှစ်ယောက်လုံးကို မကြိုက်ဘူးလို့ ဆိုထားပါတယ်။

စစ်တမ်းကောက်ယူခဲ့တဲ့ နိုင်ငံတွေထဲက ပြင်သစ်ကတော့ အိုဘားမားကို အထောက်ခံဆုံး ဖြစ်ပါတယ်၊ မစ် ရွမ်နေကို ထောက်ခံသူ ၂ ရာခိုင်နှုန်းပဲ ရှိပြီး အိုဘားမား ထောက်ခံသူ ၇၂ ရာနှုန်းတောင် ရှိပါတယ်။ သြစတြေးလျမှာတော့ အိုဘားမား ထောက်ခံသူ ၆၇ ရာနှုန်း ၊ ကနေဒါမှာ ၆၆ ရာနှုန်း၊ နိုင်ဂျီးရီးယားမှာလည်း ၆၆ ရာနှုန်း ရှိပြီး ယူကေမှာတော့ ၆၅ ရာနှုန်း ရှိပါတယ်။

ပါကစ္စတန် တနိုင်ငံတည်းကသာ မစ် ရွမ်နေကို ထောက်ခံသူ ၁၄ ရာနှုန်းနဲ့ အိုဘားမား ထောက်ခံသူ ၁၁ ရာနှုန်းသာ ရှိခဲ့တာပါ။ ဒါပေမဲ့ ၇၅ ရာနှုန်းလောက်က ဘယ်ဘက်မှ မထောက်ခံဘူး ဆိုတော့ ဒီအရေအတွက်ကို အတိအကျ သွားတွက်ယူလို့ မရပါဘူး။

အခု စစ်တမ်း ကောက်ယူခဲ့တဲ့ နိုင်ငံတွေထဲမှာ မစ် ရွမ်နေ အရွေးခံရဖို့ ထောက်ခံသူ အများအပြား ရှိတာက ကင်ညာနဲ့ ပိုလန်တို့ပါ၊ ဒါပေမဲ့ ရာနှုန်းအရ ကြည့်မယ် ဆိုရင်တော့ ၁၈ ရာခိုင်နှုန်းနဲ့ ၁၆ ရာနှုန်း ဖြစ်ပါတယ်။

အိုဘားမားအနေနဲ့ ၂ဝဝဂ ရွေးကောက်ပွဲကထက် သူ့ကို ထောက်ခံသူတွေက ပိုအားပေးနေတယ်ဆိုတာ ဒီစစ်တမ်းက ပြနေပါတယ်။ ၂၀၀ဂ ခုနှစ်တုန်းက အခုလို ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်က လုပ်ခဲ့တဲ့ ၂၃ နိုင်ငံ စစ်တမ်း ကောက်ယူမှုမှာ အားလုံး အိုဘားမားကိုပဲ ရွေးချယ် ထောက်ခံခဲ့ကြပါတယ်။ လက်ရှိနဲ့ လွန်ခဲ့တဲ့ လေးနှစ်က အခြေအနေမှာ အိုဘားမား လူကြိုက် ဘယ်လောက်များလဲ ယှဉ်ကြည့်ရင် ၁၅ နိုင်ငံမှာ ၇ နိုင်ငံလောက်က ပိုမို ထောက်ခံလာတာ တွေ့ရပါတယ်။

GlobalScan ရဲ့ အကြီးအကဲ ဒါရိုက်တာ Sam Mountford ဆမ် မောင့်ထ် ဖို့ထ် ကတော့ အမေရိကန် နိုင်ငံတွင်း စစ်တမ်းတွေ အရ အိုဘားမားနဲ့ မစ်ထ် ရောမနေ ဘယ်သူနိုင်မလဲ ဆိုတာ အဆုံးအဖြတ် မဲရလဒ်ကို စောင့်ကြည့်ရမှာပါလို့ ဆိုနေပေမယ့် ကမ္ဘာတလွှားက လူတွေကတော့ သမ္မတ အိုဘားမား ပြန် အရွေးခံရဖို့ အပြည့်အ၀ အားပေးထောက်ခံကြောင်း အခု စစ်တမ်းက ပြနေပါတယ်။

PIPA ရဲ့ အကြီးအကဲ Steven Kull ကလည်း ၂ဝဝဂ ခုနှစ်တုန်းက အိုဘားမား အရွေးခံရတာဟာ အမေရိကန် ပြည်ထောင်စုရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ် ဆယ်သလို ဖြစ်ခဲ့ပြီး အခု စစ်တမ်း အရလည်း အိုဘားမားကိုပဲ ဆက်ရှိနေစေချင်တယ် ဆိုတာ ပြနေတယ်လို့ ပြောနေပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။