BBC navigation

Jimmy Savile ကိစ္စ ဘီဘီစီအကြီးအကဲ ပါလီမန်မှာ လျှောက်လဲ

နောက်ဆုံး ရေးသားချိန် 23 အောက်တိုဘာလ 2012 - 16:27 GMT
entwistle

ဗြိတိသျှ ပါလီမန်မှာ လျှောက်လဲချက် ပေးနေတဲ့ George Entwistle

ဘီဘီစီအသံလွှင့်ဌာနရဲ့ ထင်ရှားကျော်ကြားတဲ့ အစီအစဉ် တင်ဆက်သူ တဦး၊ လိင်မှု ဆိုင်ရာ မဖွယ်မရာတွေ လုပ်ခဲ့တယ် ဆိုတဲ့ အရှုပ်တော်ပုံ ကိစ္စနဲ့ ပတ်သက်လို့ ဘီဘီစီ ရဲ့ အကြီးအကဲ ညွှန်ကြားရေးမှူးချုပ် Geo rge Entwistle ဒီကနေ့မှာ ဗြိတိသျှ ပါလီမန်မှာ ဖြေရှင်း လျှောက်လဲခဲ့ရ ပါတယ်။

သတင်းတွေ တိကျ မှန်ကန်တယ်လို့ နာမည်ရတဲ့ ဘီဘီစီလို သတင်းဌာန အနေနဲ့ ဒီအရှုပ်တော်ပုံ ကိစ္စကို ပရိသတ် သိအောင် တင်ပြမှု မရှိပဲ ထိန်ချန်ခဲ့တဲ့ အတွက် အခုလို မေးခွန်းထုတ် စရာ ဖြစ်လာခဲ့တဲ့ အတွက် ဘီဘီစီ အကြီးအကဲ မစ္စတာ George Entwistle ကအခုလို ဖြေရှင်း ခဲ့ရတာပါ။

အခုအခါ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဘီဘီစီ ရုပ်မြင်သံကြား အစီအစဉ် တင်ဆက်သူ Jimmy Savile ဟာ အရွယ် မရောက်သေးသူ မိန်းကလေးငယ် တွေကို လိင်မှုဆိုင်ရာ မတော်မတရား လုပ်ခဲ့တယ် ဆိုတဲ့ အရှုပ်တော်ပုံ ကိစ္စကို စုံစမ်း ဖေါ်ထုတ် ထားတဲ့ အစီအစဉ် တခုကို ဘီဘီစီ Newsnight ရုပ်မြင်သံကြား အစီအစဉ်မှာ ထုတ်လွှင့်ဖို့ စီစဉ်ထားပြီးကာမှ အဲဒီအစား သူ့ကို ချီးကျူး ဂုဏ်ပြုထားတဲ့ အစီအစဉ်ကို အစားထိုး ထုတ်လွှင့် ခဲ့တာ ဘာ့ကြောင့်လဲ၊ နောက်ပြီး ဘီဘီစီ လက်အောက်မှာ Jimmy Savile တယောက် ဒီလို လိင်မှု ဆိုင်ရာ မဖွယ်မရာ ကိစ္စတွေကို နှစ်ပေါင်း ၄၀လောက် ကျူးလွန်နိုင်ခဲ့တာ ဘာ့ကြောင့်လဲ ဆိုတာတွေကို ဗြိတိသျှ ပါလီမန်မှာ ဒီကနေ့ ဖြေရှင်းချက် ပေးခဲ့ရတာပါ။

မစ္စတာ George Entwistle ကတော့ ဘီဘီစီ အနေနဲ့ Jimmy Savile ရဲ့ အရှုပ်တော်ပုံတွေကို ထိန်ဝှက် ထားတာမျိုး မရှိသလို ဒီအရှုပ်တော်ပုံ ကိစ္စကို ဖေါ်ထုတ် တင်ပြထားတဲ့ အစီအစဉ်ကို မထုတ်လွှင့်ဖို့ ကိုလည်း ဘီဘီစီ အကြီးတန်း တာဝန်ရှိ ပုဂ္ဂိုလ်တွေက ဘီဘီစီ သတင်းထောက် တွေကို ဖိအားပေး တာမျိုး မတွေ့ခဲ့ရဘူးလို့ ဖြေရှင်း သွားခဲ့ ပါတယ်။

သူ့အနေနဲ့ ကတော့ Jimmy Savile အရှုပ်တော်ပုံ ကိစ္စ စုံစမ်း ဖေါ်ထုတ် ထားတဲ့ အစီအစဉ်ကို မထုတ်လွှင့်ပဲ မထားသင့်ဘူးလို့ ယူဆကြောင်း မစ္စတာ George Entwistle က ပြောသွားပါတယ်။

ဒါပေမယ့်လည်း ဒီအစီအစဉ် မထုတ်လွှင့်ဖို့ ညွှန်ကြားခဲ့တဲ့ Newsnight အစီအစဉ် အယ်ဒီတာ Peter Rippon ရဲ့ ဆုံးဖြတ်ချက် မမှန်ခဲ့တာ ဆိုပြီး သူက ပြစ်တင် ပြောသွားခဲ့ ပါတယ်။

အခုအခါ ဘီဘီစီရဲ့ လက်ရှိ အကြီးအကဲ ညွှန်ကြားရေးမှူးချုပ်သစ် ရာထူး ရထားတဲ့ မစ္စတာ Geo rge Entwistle ဟာ အဲဒီ အချိန်တုန်းက Jimmy Savile ကို ချီးကျူး ဂုဏ်ပြုထားတဲ့ အစီအစဉ် တွေကို ထုတ်လွှင့်ခဲ့တဲ့ ဌာနရဲ့ အကြီးအကဲ အဖြစ် တာဝန်ယူခဲ့တာပါ။

အဲဒီ အချိန်တုန်းက Jimmy Savile ရဲ့ အရှုပ်တော်ပုံ ကိစ္စတွေကို စုံစမ်း ဖေါ်ထုတ်ထားတဲ့ အစီအစဉ် တခု Newsnight က ထုတ်လွှင့်ဖို့ ရှိတယ်၊ တကယ်လို့သာ ဒီအစီအစဉ်ပါ အချက်အလက် တွေက မှတ်ကျောက် အတင်ခံနိုင် လောက်အောင် မှန်ကန်နေမယ် ဆိုရင် သူ့ကို ချီးကျူး ဂုဏ်ပြုထားတဲ့ အစီအစဉ် လွှင့်လိုက်ရင် ကွဲလွဲမှုတွေ ဖြစ်လာနိုင်စရာ ရှိတယ် ဆိုပြီး သတင်းဌာန ညွှန်ကြားရေးမှူး Helen Boaden က ပြောပြ ခဲ့ကြောင်း၊ ဒါပေမယ့်လည်း သူ့ဘက်က နောက်ထပ် ဘာမှ ထပ်မေးတာမျိုး မလုပ်ခဲ့ကြောင်း မစ္စတာ Geo rge Entwistle က ပါလီမန်မှာ အစစ်ခံ သွားခဲ့ ပါတယ်။

ဒါဟာလည်း သူ့အနေနဲ့ ဒီကိစ္စ အပေါ် အလွန်အမင်း စိတ်ဝင်စားတယ် ဆိုတာမျိုး မဖြစ်ချင်သလို သတင်းပညာ ဆုံးဖြတ်ချက်ကိုလည်း မထိခိုက်စေချင်တဲ့ အတွက် ဘာမှ ဆက်မမေးခဲ့တာလို့ ဖြေရှင်း ပြောပြသွားခဲ့ပါတယ်။

ပါလီမန် အမတ်တွေကတော့ မစ္စတာ Geo rge Entwistleရဲ့ အစစ်ခံ ဖြေရှင်းချက် တွေနဲ့ ပတ်သက်လို့ စိတ်ရှုပ်ထွေး ဒေါသအမျက် ထွက်ခဲ့ကြပြီး ဘီဘီစီရဲ့ လုပ်ငန်း စီမံခန့်ခွဲပုံ တွေနဲ့ ပတ်သက်လို့ အကြိမ်ကြိမ် ဝေဖန် ပြောသွား ခဲ့ပါတယ်။

တခါ အခုဒီ Jimmy Savile အရှုပ်တော်ပုံ ကိစ္စကြောင့် ဘီဘီစီ အသံလွှင့် ဌာနကြီး အပေါ် သောတရှင် တွေရဲ့ ယုံကြည်မှု ဂုဏ်သိက္ခာကို ထိခိုက် သွားစေသလား ဆိုတာနဲ့ ပတ်သက်လို့ မစ္စတာ Geo rge Entwistle က Jimmy Savile အခုလို အရွယ် မရောက်သေးသူ မိန်းကလေးငယ် တွေကို နှစ်ပေါင်း များစွာ မတော်မရော် လုပ်ခဲ့တာတွေ၊ သူဒီလို လုပ်နိုင်အောင် ခွင့်ပေးထား ခဲ့တဲ့ ဘီဘီစီရဲ့ စီမံ ခန့်ခွဲပုံ လုပ်ပုံ ကိုင်နည်း တွေကြောင့် ဘီဘီစီအပေါ် သောတရှင် တွေရဲ့ ယုံကြည်မှု အပေါ် ထိခိုက်မှုတွေ ရှိသွားမယ် ဆိုတာ ကတော့ သံသယ ဖြစ်စရာ မရှိတဲ့ အကြောင်း ၊ ပြန်ကြည့်မယ်ဆိုရင် အတော့်ကို ထိတ်လန့် ချောက်ခြားစရာ ကောင်းတဲ့ အကြောင်း ဗြိတိသျှ ပါလီမန်မှာ လျှောက်လဲသွား ပါတယ် ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။