BBC navigation

အီတလီ ဝန်ကြီးချုပ်ဟောင်း ထောင်ဒဏ်ချခံရ

နောက်ဆုံး ရေးသားချိန် 27 အောက်တိုဘာလ 2012 - 00:55 GMT

အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူးစကိုနီ ထောင်ကျ

အီတလီ ဝန်ကြီးချုပ်ဟောင်း ဆာဗီယို ဘာလူးစကိုနီကို မီလန်တရားရုံးကနေ အခွန်ရှောင်မှုနဲ့ ထောင်ဒဏ် ၄ နှစ် အပြစ်ပေး လိုက်ပါတယ်။

ဒါပေမယ့် အီတလီ ထောင်တွေထဲမှာ အကျဉ်းသား အရေအတွက် နည်းစေဖို့ ရည်ရွယ်ပြီး ၂၀၀၆ က ပြဋ္ဌာန်းခဲ့တဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေအရ ထောင် ၃ နှစ် လျှော့ပေါ့ လိုက်လို့ ထောင်တနှစ်ပဲ ကျခံရတော့မှာ ဖြစ်ပါတယ်။

မစ္စတာ ဘာလူးစကိုနီဟာ အဲဒီ ထောင်တနှစ် ကိုတောင် ကျခံချင်မှ ကျခံရလိမ့်မယ်လို့ ရောမက ဘီဘီစီ သတင်းထောက် ဒေးဗစ်ဝီလီက ပြောပါတယ်။

ဘာကြောင့်လဲ ဆိုတော့ အယူခံ တရားရုံး နှစ်ရုံးမှာ အယူခံ ရှုံးမှသာ ထောင်ဒဏ်ကို ကျခံရမှာ ဖြစ်လို့ပါဘဲ။

အယူခံဝင် နေချိန်မှာ အပြင်မှာ လွတ်လွတ်လပ်လပ် နေနိုင်သလို အယူခံ တရားရုံးတွေ တက်တာနဲ့ပဲ နှစ်တွေ ကုန်ဆုံးသွားပြီး ထောင်ဒဏ် ကျခံရမယ့်ပုံ မရှိဘူးလို့ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။

အခု စီရင်ခဲ့တဲ့ အမှုဟာ ၁၉၉ဝ ပြည့်လွန်နှစ်တွေ တုန်းက မစ္စတာ ဘာလူးစကိုနီရဲ့ ရုပ်မြင်သံကြား လိုင်းတွေ အတွက် အမေရိကန် ရုပ်ရှင်ကားတွေ ပြသခွင့် ဝယ်ရာမှာ ဒေါ်လာ သန်းရာချီ ပေးဝယ်ခဲ့တာနဲ့ ပတ်သက်ပါတယ်။

ဒါဟာ မစ္စတာ ဘာလူးစကိုနီ အခွန်ရှောင်ဖို့ ကြိုးစားတာလို့ ဆိုပြီး တရားစွဲခဲ့တာ ဖြစ်ပါတယ်။

အမှု အတော်များများ ရင်ဆိုင်နေရတဲ့ မစ္စတာ ဘာလူးစကိုနီ အဖို့ ပထမဆုံး အကြိမ် စီးပွားရေး အမှုနဲ့ အပြစ်ပေး ခံခဲ့ရတာပါ။

တရားရုံးက ငွေဒဏ် ယူရို ၁ဝ သန်း ချက်ချင်း ပေးဖို့လည်း အမိန့်ချခဲ့ ပါတယ်။

မစ္စတာ ဘာလူးစကိုနီ ဟာ ၁၉၉၇ တုန်းကလည်း ငွေစာရင်းလိမ်ပြမှုနဲ့ တရားစွဲ ခံခဲ့ရပေမယ့် အယူခံ နိုင်ခဲ့လို့ ပြစ်ဒဏ်ချ မခံခဲ့ရပါဘူး။

လောလောဆယ် ရင်ဆိုင်နေရ တာကတော့ အသက်မပြည့်သေးတဲ့ ပြည့်တန်ဆာ အမျိုးသမီးလေးနဲ့ ပျော်ပါးခဲ့တဲ့ကိစ္စကို အာဏာအလွဲသုံး ဖုံးကွယ်ဖို့ ကြိုးစားခဲ့တဲ့ အမှုပါ။

ဒီနောက် ပြီးခဲ့တဲ့ နိုဝင်ဘာလက သူ ရာထူးကနေ နှုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

မစ္စတာ ဘာလူးစကိုနီ ကတော့ သူပြောနေကျအတိုင်း သူဟာ နိုင်ငံရေး သားကောင် ဖြစ်ခံရတာ အခု တရားရုံး ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်တာ လို့ ပြောနေပါတယ်။

အခုတော့ ဒီအမှုကြောင့် သူ့ရဲ့ နိုင်ငံရေးဘဝ နိဂုံးချုပ်ပြီလို့ ယူဆနိုင်ကြောင်း ဘီဘီစီ သတင်းထောက် ဒေးဗစ်ဝီလီက သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။