BBC navigation

တရုတ် ဝန်ကြီးချုပ် ပိုင်ဆိုင်မှု သန်း ၂၇၀၀ ဟုဆို

နောက်ဆုံး ရေးသားချိန် 26 အောက်တိုဘာလ 2012 - 17:02 GMT
Wen Jiabao

သူ့မိသားစု ဒေါ်လာ သန်း ၂၇၀၀ ချမ်းသာဟုဆို

တရုတ် အစိုးရ မီဒီယာ တွေက မကြာခဏ ဆိုသလို ဖိုးဖိုးဝမ်လို့ ညွှန်းဆို ပြောဆို ရေးသား ကြတဲ့၊ တခါ ငလျင်တို့၊ ရေကြီး တာတို့ သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့ အခါ လူထုဆီ ချက်ချင်း ဆိုသလို ရောက်သွား တတ်လို့ လူစာနာ ခေါင်းဆောင်ကြီး လို့ ပုံဖော် ထားတဲ့ တရုတ် ဝန်ကြီးချုပ်ကို အမေရိကန် သတင်းစာ တစောင်ဖြစ်တဲ့ နယူးယောက် တိုင်းမ်က အခုလို ထုတ်ဖော် ရေးလိုက် တဲ့အတွက် တရုတ် အစိုးရက တော့ တကယ့်ကို ဆတ်ဆတ်ခါ သွားပါတယ်။

သတင်းစာက ဝန်ကြီးချုပ် ဝမ်ကျားပေါင်ရဲ့ မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ သန်း ၂၇၀၀ လောက်ရှိနေပြီး၊ မစ္စတာဝမ် ဝန်ကြီးချုပ် တာဝန် ၁၀ နှစ်ကြာ ထမ်းဆောင် နေချိန် အတွင်းမှာ ဒီလိုတွေ မတရား ချမ်းသာ လာခဲ့တာ လို့ ရေးပါတယ်။

၂၀၀၃ က ဝန်ကြီးချုပ် စဖြစ်ပြီး သူက အစိုးရ အဖွဲ့မှာ စီးပွားရေး ပိုင်းကို တာဝန်ခံလို့ တိုးတက်အောင် ဆောင်ရွက်ရင်း သူ့သား၊ သမီး၊ ညီ၊ ယောက်ဖတွေ ချမ်းသာလာတာလို့ သတင်းစာက ဖော်ပြပါတယ်။ အကျိုးဆက်ကတော့ တရုတ်က နယူးယောက် တိုင်းမ် သတင်းစာ ဝက်ဘ်ဆိုက်ကို တရုတ် ပြည်မှာ ဖတ်မရအောင် ပိတ်ပင်လိုက်သလို သတင်းစာ ဆောင်းပါးကို တရုတ်လို ပြန်ရေးတဲ့ တရုတ် ဝက်ဘ်ဆိုက်တွေ၊ ဘလော့ဂ်တွေ မှာလည်း လိုက်ပိတ် ပါတယ်။

တရုတ် နိုင်ငံခြား ရေးဌာန ပြောခွင့် ရပုဂ္ဂိုလ် ကတော့ တချို့သတင်း တွေဟာ တရုတ်ကို အိုးမည်းသုတ်တဲ့လုပ်ရပ်ဖြစ်ပြီး၊ ဒီသတင်းဟာလည်း နောက်ကွယ်မှာ အကြောင်းရင်းတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

တရုတ်ပြည်မှာ ခေါင်းဆောင်တွေအကြောင်း ရေးရင်၊ အထူးသဖြင့် သူတို့တွေရဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်ဖော်ရေးသားတာမျိုးက အလွန်အကဲဆတ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကလည်း နောက်ဖြစ်မယ့် သမ္မတလို့ နာမည်ထွက်နေတဲ့ လက်ရှိ ဒုတိယသမ္မတ ရှီကျင်ပင်း မိသားစုပိုင်ဆိုင်မှုတွေအကြောင်း ထုတ်ဖော်ရေးသားခဲ့လို့ ဘလွန်းဘတ်ဝက်ဘ်ဆိုက်လည်း တရုတ်ပြည်မှာ အပိတ်ခံလိုက်ရပြီး အခုထက်ထိလည်း ပိတ်ထားတုန်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ် မိသားစုဝင်တွေရဲ့ ပိုင်ဆိုင်မှုပမာဏကို အခုလို ထုတ်ပြန်တာကို ဝန်ကြီးချုပ် မစ္စတာဝမ်အနေနဲ့ အံ့သြမှာ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ ၂၀၀၇ ခုနှစ်က တခါ ပေါက်ထွက်ခဲ့တဲ့ ဝီကီလိခ်တုန်းကလည်း သတင်း ရင်းမြစ်တခုကို ကိုးကားပြီး ထွက်ခဲ့တဲ့ သတင်းမှာ မိသားစုဝင်တွေရဲ့ လုပ်ဆောင် ချက်တွေကြောင့် ဝန်ကြီးချုပ်ဟာ မနှစ်မြို့စရာ ဖြစ်တယ်လို့ ပြောခံခဲ့ရဖူးပါတယ်လို့ ရှန်ဟိုင်းက ဘီဘီစီသတင်းထောက်က သုံးသပ်ပါတယ်။

နယူးယောက်တိုင်းမ် သတင်းမှာတော့ စီးပွားရေးလုပ်ငန်းတွေကို ဝန်ကြီးချုပ်ဝမ် နာမည်နဲ့ ရှိနေတာမျိုး မဟုတ်ဘူးလို့ ရေးပါတယ်။ ဝန်ကြီးချုပ် ဝမ်ကျားပေါင်ဟာ လာမယ့် နိုဝင်ဘာ ၈ ရက်မှာ တရုတ်နိုင်ငံ ခေါင်းဆောင် အပြောင်းအလဲမှာ လက်ရှိ တာဝန်ကနေ အနားယူတော့မှာဖြစ်လို့ အနားမယူခင်လည်း မီဒီယာရဲ့ ထုတ်ဖော် ထိုးနှက်ချက် ထိသွားတယ်လို့တော့ ဆိုနိုင်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။