BBC navigation

ဆီးရီးယားမှာ အပစ်ရပ်ပေမယ့် တိုက်ခိုက်မှုတွေဆက်

နောက်ဆုံး ရေးသားချိန် 27 အောက်တိုဘာလ 2012 - 16:29 GMT

အစ္စလာမ် ဘာသာဝင်တို့ရဲ့ အစ်ပွဲတော် အတွင်း ဆီးရီးယား အစိုးရ တပ်ဖွဲ့ တွေနဲ့ သူပုန် တိုက်ခိုက်ရေး သမားတွေ အကြား အပစ်အခတ် ရပ်စဲ မယ်လို့ သဘောတူ ခဲ့ပြီး၊ ဒုတိယမြောက် နေ့မှာ တော့ ဆီးရီးယားနဲ့ တူရကီ နယ်စပ် တလျှောက်မှာ သေနတ် သံတွေ ထွက်ပေါ်နေ ပါတယ်။

ဒမားစကပ်စ်မြို့မှာလည်း အစိုးရ ကနေ အမြောက်တွေနဲ့ ပစ်ခတ် တိုက်ခိုက် နေတယ် ဆိုတဲ့ သတင်းတွေ ရရှိတယ်လို့ အဲဒီ နယ်စပ်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ပြောပါတယ်။

ဆီးရီးယား လွတ်မြောက်ရေး တပ်ဖွဲ့ ပြောခွင့်ရ အမျိုးသမီး ဆူဆန် အာမတ် ကတော့၊ အပစ် အခတ် ရပ်စဲ ထားတဲ့ အတွက် အေးအေး ဆေးဆေး စိတ်ချ ရပြီ အထင်နဲ့ လူတွေ လမ်းပေါ်ထွက် ကြွေးကြော် အော်ဟစ် ခဲ့ရာမှာ အစိုးရ တပ်ဖွဲ့တွေက ပစ်လို့ သူတို့ အားလုံး တုန်လှုပ် ချောက်ချား ခဲ့ရတယ်လို့ ဆိုပါတယ်။

တချိန်တည်း မှာပဲ နိုင်ငံ အရှေ့ပိုင်း ဒဲ အဲဇာ မြို့မှာ ကားဗုံး တလုံး ပေါက်ကွဲ ခဲ့တယ်လို့ အစိုးရ ရုပ်သံ ကနေ ကြေညာ သွားပြီး၊ ဒါဟာ သူပုန် တွေရဲ့ လက်ချက်လို့ အစိုးရက ပြောပါတယ်။

အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေ ပြောတာ ကတော့ အပစ် အခတ် ရပ်မယ်လို့ ပြောတဲ့ နေ့မှာပဲ လူပေါင်း ၁၅၀ လောက် သေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။

ဆီးရီးယား ငြိမ်းချမ်းရေး အတွက် နိုင်ငံ တကာ အထူး ကိုယ်စားလှယ် မစ္စတာ ဘရာဟီမီက အစ်ပွဲတော် ကာလ အတွင်း အပစ် အခတ် ရပ်စဲ ကြဖို့ ကို ကြား ဝင် ဆောင်ရွက် ပေးခဲ့တာ ဖြစ်ပေမယ့် လည်း ခိုင်မာမှု မရှိတဲ့ အပစ် အခတ် ရပ်စဲရေး အဖြစ်သာ တွေ့မြင် နေရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။