BBC navigation

စန္ဒီမုန်တိုင်း ရွေးကောက်ပွဲအထိ ထိခိုက်နိုင်

နောက်ဆုံး ရေးသားချိန် 28 အောက်တိုဘာလ 2012 - 23:23 GMT
Sandy

စန္ဒီအမည်ရှိတဲ့ အင်အားပြင်း ဟာရီကိန်း မုန်တိုင်းဟာ နယူးယောက်ကို ဝင်တော့မှာပါ။

နိုဝင်ဘာ ၆ မှာ ကျင်းပတော့မယ့် အမေရိကန် သမ္မတရွေးကောက်ပွဲကိုတောင် အများကြီး ထိခိုက်နိုင်ချေရှိတဲ့ စန္ဒီလို့ အမည်ရတဲ့ ဟာရီကိန်းမုန်တိုင်းကြီးဟာ အမေရိကန်နိုင်ငံရဲ့ အရှေ့ဘက်ကမ်း ကုန်းတွင်းကို စတင် ဝင်ရောက် တိုက်ခိုက်တော့မှာ ဖြစ်ပါတယ်။

နယူးယောက် အုပ်ချုပ်ရေးမှူး အင်ဒရူး ကိုမိုကတော့ စန္ဒီမုန်တိုင်း ရန်ကနေ လွတ်အောင် နယူးယောက်မြို့ရဲ့ ပြည်သူ့ သယ်ယူပို့ဆောင်ရေး ယန္တရားဖြစ်တဲ့ မြေအောက် ရထားတွေ၊ မြေပေါ် ရထားတွေနဲ့ ဘတ်စ်ကားတွေကို ပြေးဆွဲမှု ရပ်ဆိုင်းစေခဲ့ပါတယ်။

ဒီမုန်တိုင်းကြောင့် လူဦးရေသန်း ၆၀ လောက်အထိ ထိခိုက်နိုင်မှာဖြစ်ပြီး၊ နိုဝင်ဘာ ၆ ရွေးကောက်ပွဲ အတွက် မဲပေးရမယ့် ပြည်နယ်တွေကိုလည်း ထိကုန်မှာ ဖြစ်ပါတယ်။ လောလော ဆယ်မှာတော့ သမ္မတအိုဘားမားက ဒီမုန်တိုင်းကြောင့် ပြည်သူတွေ ထိခိုက်မှာကို အထူးစိုးရိမ်လို့ သတိပေးပါတယ်။

ဒီမုန်တိုင်း အန္တရာယ်ကို အားလုံးအနေနဲ့ သတိကြီးကြီးထားဖို့ သူ့အနေနဲ့ သတိပေး ပါတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ အမေရိကန် ဗဟိုအစိုးရအနေနဲ့ ပြည်နယ်အစိုးရတွေနဲ့ ချိတ်ဆက်လို့ အထူးဂရုစိုက်ပြီး မုန်တိုင်းကို ရင်ဆိုင်ဖို့ ပြင်ဆင် လုပ်ဆောင်ထားတယ်။ ပြည်သူတွေအနေနဲ့လည်း ကိုယ်တိုင် ရွေးချယ် တင်မြှောက်ထားတဲ့ ပြည်နယ်က တာဝန်ရှိသူတွေရဲ့ စကားကို သေသေချာချာ နားထောင်ပါလို့ သမ္မတအိုဘားမားက မှာကြားပါတယ်။

အနိမ့်ပိုင်း အရပ်ဒေသတွေမှာ နေထိုင်တဲ့ လူပေါင်း သုံးသိန်းခုနစ်သောင်း ငါးထောင်ကိုတော့ နေရာရွှေ့ပြောင်းနေကြဖို့ ပြောထားပြီး ဖြစ်ပါတယ်။ စာသင် ကျောင်းတွေကိုလည်း ပိတ်ထားလိုက်ပါပြီ။

စန္ဒီဟာရီကိန်းမုန်တိုင်းဟာ ကာရစ်ဘီယန်အပိုင်းမှာတော့ လူပေါင်း ၆၀ ကို သေစေခဲ့ပြီဖြစ်ပါတယ်။ မနေ့ညကတော့ မုန်တိုင်းမျက်စိနေရာဟာ နယူးယောက်မြို့တောင်ပိုင်း မိုင် ၅၀၀ ကျော်လောက်ကို ရောက်နေပြီဖြစ်လို့ ဒီကနေ့မှာတော့ နယူးယောက်ကို လုံးဝ ဝင်ပါတော့မယ်။

နယူးယောက်မြို့တော်ဝန် မိုက်ကယ် ဘလွန်းဘာ့ဂ်ကတော့ ပြည်သူတွေအနေနဲ့ မုန်တိုင်းဒဏ်ကလွတ်အောင် အရေးတယူလုပ်ကြဖို့ တိုက်တွန်းနေပါတယ်။ နယူးယောက်မြို့က မဝေကတော့ မြေအောက်ရထားတွေ မပိတ်ခင် မြို့ခံတွေက မုန်တိုင်းတိုက်ရင် မီးပျက်၊ ရေပျက် ဖြစ်နိုင်တာမို့ ရေ၊ ဖယောင်း၊ ဆန်စသဖြင့် လိုအပ်တာတွေ ဝယ်နေကြတယ်လို့ ဆိုပါတယ်။

နယူးယောက်စတော့အိတ်ချိန်းကိုလည်း ဒီကနေ့ပိတ်ထားမှာဖြစ်ပြီး၊ အွန်လိုင်းမှာတော့ အရောင်းအဝယ်တွေ ဆက်လုပ်နိုင်ကောင်းတယ်လို့ ဆိုပါတယ်။ နယူးယောက်မှာတော့ ရုံးတွေ တော်တော်များများ ဒီကနေ့နဲ့ မနက်ဖြန် နှစ်ရက် ပိတ်ထားတယ်လို့ သိရပါတယ်

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။