BBC navigation

စန္ဒီ ဟာရီကိန်းကြောင့် နယူးယောက် အထိနာ

နောက်ဆုံး ရေးသားချိန် 30 အောက်တိုဘာလ 2012 - 15:07 GMT
sandy

မုန်တိုင်းအောက်က နယူးယောက်မြို့

အမေရိကန် နိုင်ငံ အရှေ့ဘက်ကမ်းခြေကို ဝင်ရောက် တိုက်ခတ် သွားခဲ့တဲ့ စန္ဒီ မုန်တိုင်းကို ဟာရီကိန်း မုန်တိုင်းအဆင့်ကနေ အဆင့် လျှော့ချ သတ်မှတ်လိုက်ပြီ ဖြစ်ပေမယ့် မဟာ မုန်တိုင်း တခုအဖြစ် ဖေါ်ညွှန်း ပြောဆို နေဆဲ ဖြစ်ပါတယ်။

အဲဒီ မုန်တိုင်း တိုက်ခတ် သွားခဲ့ ရာမှာ အထိအနာဆုံး ကတော့ နယူးယောက် မြို့လို့ ပြောရမှာပါ။

Hudson နဲ့ East မြစ်တွေ လျှံတက် လာတဲ့အတွက် နယူးယောက်မြို့ Manhanttan အောက်ပိုင်း ရပ်ကွက် တခုလုံး ရေလျှံသွားခဲ့ပါတယ်။

တခါ သက်တမ်း ၁၀၈နှစ် ရှိပြီ ဖြစ်တဲ့ နယူးယောက်မြို့ မြေအောက် ရထားလိုင်းတွေထဲ ရေတွေ လျှံတက်ခဲ့တဲ့အတွက် နယူးယောက်မြို့ ရထားပို့ဆောင်ရေး စနစ်တခုလုံး ရပ်ဆိုင်းသွားခဲ့ရပါတယ်။

ရေတွေ လျှံနေတဲ့ မြေအောက်ရထားလိုင်းတွေထဲကနေ ရေတွေ သယ့်ထုတ်ဖို့ ရက်နဲ့ ချီကြာနိုင်တယ်လို့ သယ်ယူပို့ဆောင်ရေး တာဝန်ရှိ ပုဂ္ဂိုလ် တဦးက ပြောပါတယ်။

တခါ လျှပ်စစ်ဓါတ်အားပေး စက်ရုံခွဲတခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး Manhanttan အောက်ပိုင်း ရပ်ကွက်မှာ လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့ပါတယ်။

အဲဒီမှာ မနေ့ညက အိမ်ခြေ ၅ သိန်းလောက် မှောင်အတိကျသွားခဲ့ပါတယ်။

တခါ New York University ဆေးရုံတခုမှာ အရေးပေါ် မီးစက်လည်း ပျက်သွားခဲ့လို့ လူနာ ၂ရာလောက်ကို တခြား ဆေးရုံတွေဆီ ရွှေ့ခဲ့ရပါတယ်။

ကပ်ဘေးအန္တရာယ်ဒဏ်ထိခိုက်နစ်နာမှုတွေကို အကဲဖြတ်တဲ့ ကုမ္ပဏီတခုရဲ့ ခန့်မှန်းချက်အရတော့ မုန်တိုင်းဒဏ်ကြောင့် စီးပွားရေး ထိခိုက်ဆုံးရှုံးမှု ဘီလျံ ၂၀လောက်အထိ ရှိနိုင်မယ်လို့ သိရပါတယ်။အဲဒီထဲက တဝက်လောက်ကပဲ အာမခံ ထားထားတာပါ။

သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် သီတင်းတပါတ် အလိုမှာ ဖြစ်ခဲ့တဲ့ ဒီမုန်တိုင်းဒဏ်ကြောင့် သမ္မတ မဲဆွယ်ပွဲတွေ ရွှေ့ဆိုင်းခဲ့ရသလို စတော့ခ် ရှယ်ယာ စျေးကွက်တွေလည်း မနေ့ကစလို့ ပိတ်ထားလိုက်ရပါတယ်။ဒါဟာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ရက် အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရကတည်းက ပထမဆုံးအကြိမ် စတော့ခ် ရှယ်ယာ စျေးကွက်တွေ ပိတ်ခဲ့ရတာပါ။

ဝါရှင်တန်မြို့တော်မှာရှိတဲ့ အစိုးရရုံးတွေ နဲ့ စာသင်ကျောင်းတွေကိုလည်း ဒုတိယနေ့အဖြစ် ပိတ်ထားပါတယ်။

လောလောဆယ် သိရသလောက်တော့ မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူပေါင်း အနည်း ဆုံး ၁၆ယောက် ရှိသွားပါပြီ။

အခုအခါမှာတော့ စန္ဒီ မုန်တိုင်းဟာ မြောက်ပိုင်းကို ရွေ့သွားနေပြီး ကနေဒါနိုင်ငံဆီ ဦးတည် သွားနေပါပြီ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။