BBC navigation

အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ်တာတွေ ပြန်စ

နောက်ဆုံး ရေးသားချိန် 1 နိုဝင်ဘာလ 2012 - 18:28 GMT

အမေရိကန်နိုင်ငံမှာ Sandy မုန်တိုင်းကြောင့် သမ္မတ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေကို ဆိုင်းငံ့ထားခဲ့ရာမှာ အခုတော့ ပြန်လည် စတင်နေပြီ ဖြစ်ပါတယ်။

သမ္မတ ရွေးကောက်ပွဲကျင်းပဖို့ ၅ရက်ပဲ လိုပါတော့တယ်။
သမ္မတ အိုဘားမားဟာ New Jersey ပြည်နယ်က မုန်တိုင်းသင့် ဒုက္ခသည်တွေကို မနေ့က သွားရောက် တွေ့ဆုံ အားပေးစကား ပြောခဲ့အပြီး ဒီကနေ့မှာတော့ သူ့ရဲ့ မဲဆွယ် စည်းရုံးမှုတွေ ပြန်စဖို့ စီစဉ်ထားပါတယ်။
အိမ်ခြေ သောင်းနဲ့ချီ ရေလွှမ်းခံခဲ့ရတဲ့ အဲဒီဒေသက ထိခိုက်ပျက်စီးမှု အခြေအနေတွေကို ကိုယ်တိုင် ကြည့်ရှုစစ်ဆေးခဲ့တဲ့ သမ္မတ အိုဘားမားက ပြန်လည် ထူထောင်ရေးကိစ္စတွေကို သူ့အနေနဲ့ အစွမ်းကုန် အကူအညီပေးသွားမယ်လို့ ကတိပေးသွားခဲ့ပါတယ်။
အဲဒီ New Jersey ပြည်နယ် အုပ်ချုပ်ရေးမှူး Chris Christie ဟာ အိုဘားမားရဲ့ ပြိုင်ဘက် ရီပတ်ဘလီကန် သမ္မတလောင်း Mitt Romney ကို ထောက်ခံအားပေးတဲ့ အထင်ကရ ရီပတ်ဘလီကန် ပါတီဝင် တဦး ဖြစ်နေပေမယ့် လောလောဆယ်မှာ နိုင်ငံရေးမတူတာတွေကို အသာဘေးဖယ်ထားပြီး သမ္မတ အိုဘားမားနဲ့ မစ္စတာ Christie တို့ နှစ်ဦးဟာ မုန်တိုင်းဒဏ်သင့် ဒုက္ခသည်တွေ အရေးကို အာရုံစိုက် လုပ်ခဲ့ကြတာ တွေ့ရပါတယ်။
အခုလို ပြိုင်ဘက် ရီပတ်ဘလီကန် ပါတီဝင် ပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ အတူ ယှဉ်တွဲပြီး မုန်တိုင်းသင့် ဒုက္ခသည်တွေကို ကိုယ်တိုင်သွားရောက် တွေ့ဆုံ အားပေးခဲ့တဲ့ သမ္မတ အိုဘားမားအတွက်တော့ လူထုရဲ့ ထောက်ခံ အားပေးမှု တိုးပွားလာဖို့ ရှိတယ်လို့ အများက သုံးသပ်နေကြပါတယ်။
ယာယီစခန်းတွေမှာ ခိုလှုံနေကြရတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ်မှာ သမ္မတ အိုဘားမားက သူတို့ အခြေတကျ ဖြစ်တဲ့ အထိ ကာလတာရှည် အကူအညီ ပေးသွားမှာပါလို့ ကတိပေး ပြောသွားပါတယ်။
အခု ဒီကနေ့မှာတော့ သမ္မတ အိုဘားမားဟာ ၃ ရက်ကြာ ဆိုင်းငံ့ထားခဲ့တဲ့ မဲဆွယ် စည်းရုံးမှုတွေ ပြန်လုပ်ဖို့ Colorado ၊ Ohio နဲ့ Nevada ပြည်နယ်တွေကို ၂ရက်ကြာ သွားရောက်မှာ ဖြစ်ပါတယ်။
သူ့ရဲ့ ပြိုင်ဘက် ဒီမိုကရက်တစ် သမ္မတလောင်း Mitt Romney ကတော့ မဲဆွယ် စည်းရုံးမှုတွေကို မနေ့ကပဲ ပြန်စနေပါပြီ။
မဲဆွယ် စည်းရုံးမှုတွေကို မနေ့က စပြီး Florida ပြည်နယ်မှာ မသိမသာ တဖြည်းဖြည်းချင်း စလုပ်နေပြီ ဖြစ်ပေမယ့် Mitt Romney ကလည်း မုန်တိုင်းသင့် ဒုက္ခသည်တွေအရေးကို အဓိကထား ပြောဆိုတင်ပြသွားပြီး ကယ်ဆယ်ရေး အထောက်အပံ့ အကူအညီတွေအတွက် လှူဒါန်းကူညီကြဖို့ သူ့ကို ထောက်ခံသူတွေကို ပန်ကြားသွားခဲ့ပါတယ်။
မကြာခင် ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ ပြိုင်ဘက် သမ္မတလောင်း နှစ်ဦးစလုံး သူမသာ ကိုယ်မသာ အခြေအနေမျိုးမှာ ရှိနေတယ်လို့ လူထု စစ်တမ်းတွေအရ သိရပါတယ်။
စစ်တမ်းတခုထဲမှာတော့ သမ္မတ အိုဘားမားဟာ အခု ဖြစ်ခဲ့တဲ့ မုန်တိုင်းဒဏ် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အတိုင်းထက် အလွန် တော်တယ် ဒါမှမဟုတ် အတော် ကောင်းတယ်ဆိုပြီး သဘောထားမဲဆန္ဒရှင် ၁၀ဦးမှာ ၈ဦးလောက်က ဆန္ဒပေးခဲ့ကြတယ်လို့ သိရပါတယ်။
တကယ်တမ်း လူထုရဲ့ ထောက်ခံမဲ ဘယ်သူအများဆုံး ရမလဲ ဆိုတာကိုတော့ သမ္မတ ရွေးကောက်ပွဲ ကျင်းပမယ့် နိုဝင်ဘာလ ၆ရက်နေ့မှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။